15/05/2026
တိရိစ္ဆာန်ချစ်သူတွေဟာ
လူသားအချင်းချင်းအပေါ်
မေတ္တာပျက်လာတယ်ဆိုတာ
အကြောင်းမဲ့ မဟုတ်သလို၊
Over react လုပ်တာလည်းမဟုတ်ပါဘူး။
ဒါဟာ လက်တွေ့လောကမှာ
ဖြစ်ပျက်နေတဲ့ လူသားတွေရဲ့
လူမဆန်တဲ့ လုပ်ရပ်တွေကို
မြင်တွေ့ရဖန်များလွန်းလို့
ဖြစ်ပေါ်လာတဲ့ "ကိုယ်ချင်းစာနာမှုဆိုင်ရာ စိတ်ဒဏ်ရာ"
(Compassion Fatigue) တစ်ခုသာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီကမ္ဘာမြေဟာ
လူသားတွေအတွက်ပဲ သီးသန့်ပေးထားတဲ့
ဘိုးဘွားပိုင် အမွေမဟုတ်ဘူးဆိုတာ လက်ခံရပါလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်၊ မြေထု၊ ရေထုနဲ့
ဂေဟစနစ်ဟာ သက်ရှိအားလုံး တန်းတူညီတူ
ရှင်သန်ပိုင်ဆိုင်ခွင့်ရှိတဲ့ နေရာဖြစ်ပါတယ်။
အသိဉာဏ်အမြင့်ဆုံးလို့ မိမိကိုယ်ကိုယ်
သတ်မှတ်ထားတဲ့ လူသားတွေက
တိရိစ္ဆာန်လေးတွေရဲ့ ရှင်သန်ခွင့်
နယ်မြေတွေကို ကျူးကျော်ပြီး
သိမ်းပိုက်ရုံတင်မကဘဲ သူတို့ရဲ့
အသက်ရှင်သန်မှုကိုပါ အရာဝတ္ထုတစ်ခုလို
သဘောထားပြီး စိတ်ကြိုက်ခြယ်လှယ်နေကြတာဟာ
အင်မတန် ရုပ်ဆိုးလွန်းလှပါတယ်။
ဒီမနက်ရဲ့သတင်းတစ်ခုမှာဆိုရင်
မိမိကို အကြွင်းမဲ့ယုံကြည်ပြီး
အားကိုးတကြီးနဲ့ မြီးနံ့တယမ်းယမ်း
ကြိုဆိုနေတဲ့ ခွေးလေးတွေကို
သခင်ကိုယ်တိုင်က ရို|_က် သ|_တ် တဲ့ ဖြစ်စဉ်တွေ။
စကားမပြောနိုင်တဲ့ အသက်ကလေးတွေကို
ဖျော်ဖြေရေးနဲ့ စီးပွားရေးအတွက် သံကြိုးတွေနဲ့
ချည်နှောင်၊ အစာငတ်ထားပြီး အဆုံးစွန်ထိ
နှိပ်စက်ညှင်းပန်း အသုံးချနေတဲ့ ဖြစ်ရပ်တွေ။
လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်လို့တောင်
မထင်ရလောက်အောင် တိရိစ္ဆာန်လေးတွေအပေါ်
အနိုင်ကျင့် နှိပ်စက်တာ၊ အပျော်သဘောနဲ့
ညှင်းဆဲ တာတွေကို ဆိုရှယ်မီဒီယာပေါ်
ဂုဏ်ယူဝံ့ကြွားစွာ တင်နေကြတဲ့ ဖြစ်ရပ်မှန်တွေ။
ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ်
မြင်တွေ့နေရတဲ့အခါ တိရိစ္ဆာန်ချစ်သူတွေရဲ့
နှလုံးသားထဲမှာ လူသားမျိုးနွယ်အပေါ် ထားရှိတဲ့
ယုံကြည်မှုနဲ့ မေတ္တာတွေဟာ အလိုလို ပြိုလဲသွားရတာပါ။
အကာအကွယ်မဲ့တဲ့ သတ္တဝါလေးတွေရဲ့
နာကျင်မှုကို ကိုယ်တိုင်ခံစားရသလို
နားလည်ပေးတတ်ကြတဲ့ သူတွေအတွက်တော့
ဒီလိုရက်စက်တတ်တဲ့ လူသားတွေကြားမှာ
ရှင်သန်နေရတာကိုက အင်မတန် စိတ်ကုန်စရာ
ကောင်းလှတယ်လို့ တဖြည်းဖြည်းခံစားလာရပါတယ်။
ဒါကြောင့် တိရိစ္ဆာန်ချစ်သူတွေက
လူတွေအပေါ် မေတ္တာပျက်လာတာဟာ
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လို့ မဟုတ်ပါဘူး။
လူသားတွေရဲ့ "အသိဉာဏ်ရှိပြီး
မေတ္တာတရားကင်းမဲ့တဲ့" လုပ်ရပ်တွေကို
အမှန်အတိုင်း ရှုမြင်တတ်သွားလို့သာ ဖြစ်ပါတယ်။
တိရိစ္ဆာန်ချစ်သူတွေရဲ့ လူချင်းချင်းအပေါ်
မေတ္တာပျက်ခြင်းဆိုတာ လူတွေရဲ့ရက်စက်မှုကို
ကိုယ်တိုင်ခံစားရသလို ထပ်တူကျပြီး နာကျင်နေရတဲ့
နှလုံးသားတစ်ခုရဲ့ အနက်ရှိုင်းဆုံး တုံ့ပြန်မှုသာဖြစ်ပါတယ်။
အပြစ်မဲ့တဲ့အသက်ကလေးတွေအပေါ်မှာတောင်
မညှာမတာ ရက်စက်နိုင်တဲ့သူတွေဆီကနေ
စစ်မှန်တဲ့မေတ္တာတရားကို မျှော်လင့်ဖို့ဆိုတာ
မဖြစ်နိုင်တော့တာကြောင့်၊
လူတွေထက် တိရိစ္ဆာန်လေးတွေကိုပဲ
ရွေးချယ်ချစ်ခင်မိသွားတာဟာ
ယုတ္တိအရှိဆုံး ခံစားချက်တစ်ခုသာ ဖြစ်ပါတယ်။
နောင်ဘဝဆက်တိုင်းမှာ အပြစ်မဲ့တဲ့
သတ္တဝါလေးတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့
လက်တွေနဲ့ ဝေးရာမှာပဲ ရှင်သန်ခွင့်ရပါစေကြောင်းနဲ့၊
လူသားတွေအနေနဲ့လည်း မိမိတို့နဲ့အတူ
ကမ္ဘာမြေကို မျှဝေသုံးစွဲနေတဲ့ သက်ရှိတိုင်းအပေါ်
ကိုယ်ချင်းစာတရား ထားနိုင်တဲ့ အသိဉာဏ်နဲ့
နှလုံးသားမျိုး ပိုင်ဆိုင်နိုင်ကြပါစေလို့ပဲ
ဆုတောင်းပေးလိုက်ရပါတယ်။
𝐓𝐨𝐧𝐞 𝐓𝐨𝐧𝐞 𝐅𝐨𝐧𝐞 𝐅𝐨𝐧𝐞 𝐅𝐚𝐦𝐢𝐥𝐲