25/10/2025
Covid-19 နှင့် ဆက်စပ် ပတ်သက်ခဲ့တာတွေ
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စပြီးဖြစ်လာခဲ့တဲ့ coronavirus disease 19 (Covid-19) ရောဂါက မြန်မာနိုင်ငံကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်မှာ စပြီးရောက်လာခဲ့တယ်။ တရုတ်နိုင်ငံမှ လာသူတွေကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး ဆိုက်ရောက်ဗီဇာ မပေးတဲ့ အမိန့် ထုတ်ခဲ့ပေမဲ့ ရောဂါက တခြားလမ်းကြောင်းနဲ့ ဝင်လာခဲ့တာ ဖြစ်လိမ့်မယ်။
ရောဂါဖြစ်စေတဲ့ coronavirus က မျိုးဗီဇပြောင်းလဲမှုတွေ ရှိလာတယ်။ Alpha နဲ့ Beta variants တွေကို လွတ်သွားခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ အလည်လောက်မှာ Delta virus က ကျွန်တော်တို့အိမ်ကို ရောက်လာခဲ့တယ်။ ရောဂါပိုးရဲ့ အပြင်းစား မျိုးကွဲနဲ့ ကြုံတွေ့လိုက်ရတာပါ။ မိသားစုဝင်အားလုံး တစ်ယောက်ပြီး တစ်ယောက် ရောဂါကူးစက် ခံခဲ့ရတယ်။ လူတိုင်းလိုလို ပြင်းပြင်းထန်ထန် ရောဂါဒဏ်ကို ခံကြရတယ်။ Oxygen ရှူရတဲ့အဆင့်ရောက်ကြတယ်။ အစပိုင်းမှာ ပြုစုပေးတဲ့အလုပ် လုပ်ပေးခဲ့သူတွေဆီ ရောဂါကူးစက် သွားတဲ့အချိန်မှာ ရောဂါစဖြစ်ပြီး နာလန်ပြန်ထတဲ့ လူတွေက တစ်လှည့် ပြန်ပြီး ပြုစုတဲ့အလုပ် လုပ်ခဲ့ရတယ်။
ထူးခြားတာက ဆယ်ကျော်သက်အရွယ် မြေးလေးတွေက အနံ့ပျောက်တာလောက် ပျော့ပျော့ဖျားတာလောက်ပဲ ဖြစ်ကြပြီး ပြန်ကောင်းသွားကြတာပါ။ နံရံ တစ်ထပ်ပဲ ခြားတဲ့ တစ်ဖက်ခန်းမှာ နေတဲ့ အသက် ၉၀ ကျော် အမေကလဲ ကလေးတွေလိုပဲ ရောဂါကူးသွားပေမဲ့ ပြင်းပြင်းထန်ထန် မခံစားရပဲ မြန်မြန် ပြန်ကောင်းသွားခဲ့တယ်။
ဝူဟန်ကစတဲ့ Covid-19 ရောဂါအတွက် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကမ္ဘာတစ်ဝန်းက သုတေသီတွေ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်နဲ့ UK က မိတ်ဆွေ Trevor Jones နှစ်ယောက်ရဲ့ ''Possible method for the production of Covid-19 vaccine'' ပေးစာကို ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်ကထုတ်တဲ့ British Veterinary Association ရဲ့အာဘော်ဖြစ်တဲ့ Veterinary Record ဂျာနယ်မှာ ဖော်ပြပေးခဲ့တယ်။
ကျွန်တော်တို့က ကြက်တွေမှာ coronavirus ကြောင့်ဖြစ်တဲ့ Infectious Bronchitis (IB) ဆိုတဲ့ ရောဂါအတွက်၊ IB virus ရဲ့ မျိုးဗီဇတွေ ကူးပြောင်းပေးထားတဲ့ ဘက်တီးရီးယားကို ထည့်သွင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက IB ရောဂါကို ကာကွယ်ပေးနိုင်၊ ရောဂါဖြစ်နေတဲ့ ကြက်တွေကိုလဲ ကာကွယ်ဆေးနဲ့ ကုသပေးနိုင်ခဲ့လို့ Covid-19 အတွက်လဲ အဲဒီနည်းလမ်းကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်နိုင်မှာဖြစ်ကြောင်း ရေးပြခဲ့တာပါ။
၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်မှာ မြန်မာပြည်ကို စတင်ကူးစက်လာခဲ့ပြီး ကုသနိုင်တဲ့ ဆေး နဲ့ ကာကွယ်ဆေးတွေ ရှိသေးတဲ့ ဒီ Covid-19 ရောဂါအတွက် ကာကွယ်ဆေးကို မြန်မာ့ ပြည်တွင်းမှာ ထုတ်လုပ်လာနိုင်မဲ့ သုတေသနလုပ်ငန်း အတွက် Veterinary Record ကို စာရေးခဲ့သလိုမျိုး ကျန်းမာရေးဝန်ကြီးနဲ့ နိုင်ငံ့ အကြီးအကဲတွေဆီ မတ်လ ၂၈ ရက်မှာ စာရေးပြီးတင်ပြခဲ့တယ်။
ဆေးသုတေသနဦးစီးဌာန (DMR) နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တဲ့အတွက် DMR မှ သုတေသီ ၃ ဦး နှင့် ပူးတွဲလုပ်ဆောင်မဲ့ သုတေသန အစီအစဥ်ကို DMR ရဲ့ Institutional Review Board (IRB) ထံကို ''Development of a Recombinant COVID-19 Vaccine: Preclinical laboratory study'' ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး သတ်မှတ်ထာတဲ့ ပုံစံတွေကို ဖြည့်စွက်တင်ပြခဲ့ပြီး ၂၈၊ ၄၊ ၂၀၂၀ ရက်နေ့မှာ IRB နဲ့တွေ့ဆုံစစ်မေးမှု ခံယူခဲ့တယ်။ ဒါပေမဲ့ အဆိုပြုတဲ့ သုတေသနလုပ်ငန်းကို လုပ်ခွင့်မရရှိခဲ့ပါဘူး။
၂၀၂၀ ဧပြီလလောက်အထိ လူနာတွေကို Covid-19 ရောဂါဖြစ်နေတာလား Covid-19 မဟုတ်ဘူးလား ခွဲခြားပြီးသိရအောင်၊ ဇီဝလုံခြုံရေး အဆင့်မြင်တဲ့ ဓာတ်ခွဲခန်း တွေထဲမှာ Covid-19 virus gene ပါမပါ ခွဲခြား သိနိုင်တဲ့ PCR (polymerase chain reaction) နည်းပညာကိုအသုံးပြုပြီး စစ်ဆေးနေကြရတာ။ အလွယ်တကူ virus ပါမပါစစ်နိုင်တဲ့ antigen test kits တွေ နဲ့ Covid-19 antibody ရှိ မရှိ သွေးကို စစ်နိုင်တဲ့ antibody test kits တွေ အများသုံးအတွက် မထုတ်လုပ်နိုင်ကြသေးဘူး။
ကျွန်တော်တို့ဆီ delta virus ရောက်လာတဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Covid-19 စစ်ဆေးမဲ့ rapid antigen teast kits တွေ နဲ့ antibody (IgM & IgG) test kits တွေ အလွယ်တကူ ဝယ်ယူလို့ ရလာပါပြီ။ ကိုယ်တိုင်စစ်ပြီး နှာခေါင်းတို့ဖတ် ယူပြီး Covid-19 ဖြစ်တာ သေချာတယ်လို့ သိရတဲ့အပြင် ပြန်ကောင်းစမှာ သွေးကိုစစ်ပြီး Covid-19 နဲ့ဆိုင်တဲ့ IgM, IgG ဆိုတဲ့ antibody တွေ ထွက်ထားတယ် ဆိုတာကိုပါ သိရပါတယ်။
ဧပြီလမှာ စမ်းခွင့်မရခဲ့တဲ့ Covid-19 vaccine သုတေသနကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (နှာခေါင်းတို့ဖတ် မှာပါတဲ့ viral genes တွေ၊ သွေးရည်မှာပါတဲ့ antibody တွေ) အိမ်ပေါ်ကို ရောက်လာခဲ့ကြတာပါ။ နာလန်ထစအချိန် အလုပ်လုပ်ဖို့ ခွန်အားမရှိသေးပေမဲ့ ကာကွယ်ဆေး ထုတ်တာမှာ အသုံးပြုရမဲ့ ကုန်ကြမ်းတွေ ကို ရောဂါကူးစက်မှု မဖြစ်စေနိုင်အောင် inactivation လုပ်ပြီး ရေခဲသေတ္တာထဲမှာ စနစ်တကျ သိမ်းဆည်း ထားဖြစ်ခဲ့တယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ Covid-19 ရောဂါကို ကာကွယ်ပေးနိုင်မဲ့ antigens တွေထုတ်လုပ်ပေးမဲ့ မျိုးဗီဇ (genes) တွေကို ဘက်တီးရီးယားတွေဆီ ပို့ပေးတဲ့အလုပ် စလုပ်ခဲ့တယ်။ Recombinant Covid-19 vaccine ဖြစ်လာစေဖို့ပါ။
Covid-19 ကာကွယ်ဆေးတွေ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း အသုံးပြုလာကြတာမှာ အားလုံးက ထိုးနှံရတဲ့ဆေး အမျိုးအစားတွေပါ။ ပိုးအသေပါတဲ့ ကာကွယ်ဆေးနဲ့ ပိုးမပါပဲ Covid-19 ရဲ့ antigens တွေကို ထုတ်လုပ်ပေးမဲ့ messenger RNA (mRNA) ပဲပါတဲ့ ကာကွယ်ဆေး တွေပါ။ ဆေးထိုးပြီးနောက် ဆေးအရှိန်နဲ့ ဖျားနာကြရတယ်။ တချို့ဆေးတွေထိုးပြီး တစ်ရက် ၂ ရက်မက ပြင်းပြင်းထန်ထန် ဖျားကြတာလဲ ရှိခဲ့တယ်။
အခု လုပ်လိုက်တဲ့ စမ်းသပ်ချက်မှာ လူအများ စားသုံးနေတဲ့ probiotics တွေမှာပါတဲ့ Enterococcus fecalis ဆိုတဲ့ ဘက်တီးရီးယားကို အသုံးပြုလိုက်တယ်။ ရလာမဲ့ ကာကွယ်ဆေးကို ထိုးစရာမလိုပဲ သောက်ဆေးအနေနဲ့ အသုံးပြုနိုင်မလား တွေးပြီး အဲဒီ ဘက်တီးရီးယားကို ရွေးချယ်ခဲ့တာပါ။ မျိုးဗီဇ ကူးပြောင်းပေးလိုက်တဲ့ ဒီဘက်တီးရီးယားတွေမှာ Covid-19 antigen တွေပါရှိနေတယ်ဆိုတာ Covid-19 antigen rapid test kit နဲ့ စစ်ပြီး တွေ့ရှိခဲ့ရတယ်။
အဲဒီ ဘက်တီးရီးယားမှာ Covid-19 virus ရဲ့ ဘယ်လိုမျိုးဗီဇတွေ ပါနေတယ်ဆိုတာ အသေးစိတ် သိရအောင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ Novogene AIT Genomics Singapore ကို ဘက်တီးရီးယားရဲ့ DNA ကို ပေးပို့ပြီး whole genome sequencing လုပ်ခဲ့တယ်။ Novogene ဆီကရလာတဲ့ gene sequence ကိုစစ်ဆေးကြည့်တဲ့အခါ မျိုးဗီဇ ကူးပြောင်းပေးထားတဲ့ Enterococcus fecalis မှာ SARS-CoV-2 ရဲ့ envelope protein (E), spike or surface glycoprotein (S) နဲ့ membrane protein (M) တွေရဲ့ gene sequence တွေ ပါနေတယ်ဆိုတာတွေ့ရတယ်။ ဒီ ဘက်တီးရီးယားကို probiobitcs တွေလို သောက်လိုက်သူတွေမှာ Covid-19 ကို ကာကွယ်ပေးနိုင်တဲ့ antibody တွေ ထွက် မထွက်ကိုတော့ နောက်ထပ်စမ်းသပ်ချက်တွေ လုပ်ကြည့်ပြီးမှ သိနိုင်မှာပါ။
အခုအချိန်မှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ Covid-19 ကလဲ အရင်လို ပြင်းထန်တဲ့ရောဂါမျိုး မဟုတ်ပဲ ရာသီတုပ်ကွေး အဆင့်လောက် ဖြစ်နေပါပြီ။ Covid-19 ဖြစ်ခဲ့ဖူး သူတွေ နဲ့ ကာကွယ်ဆေး ထိုးနှံထားခဲ့သူတွေမှာ ဆေးဒဏ် ရေရှည်ရောဂါဒဏ်ဖြစ်ပေါ်တာတွေကိုလဲ ရှာဖွေဖော်ထုတ် နေကြဆဲပါ။
အခုပြောပြတာက ၂၀၂၀ ခုနှစ် တုန်းက ဆေးသုတေသနဦးစီးဌာနနဲ့ ပူးတွဲလုပ်ဆောင်ဖို့ အဆိုပြုခဲ့တဲ့ ''Development of a Recombinant Covid-19 Vaccine: Preclinical laboratory study'' ဆိုတဲ့ သုတေသနလုပ်ငန်းအဆင့်ကို ကိုယ့်အစီအစဥ်နဲ့ လုပ်ဆောင် လိုက်ခဲ့တယ် ဆိုတာကိုပါ။
ဆက်လက်ပြီး ဆေးအာနိသင်ကို စမ်းသပ်တာမျိုး လုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ဒီနည်းပညာကိုအသုံးပြုပြီး ကူးစက်ရောဂါတစ်ခုအတွက် ကာကွယ်ဆေးသစ်တစ်ခုကို ထုတ်လုပ်ဖို့ ဖြစ်နိုင်တယ်လို့ Veterinary Record မှာရေးခဲ့တာ မမှားပါဘူးလို့ သက်သေပြချင်တဲ့ သဘောပါ။