Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး

  • Home
  • Myanmar
  • Yangon
  • Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး

Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး Provide information relating animal health, preventive vaccination and vaccinology

Covid-19 နှင့် ဆက်စပ် ပတ်သက်ခဲ့တာတွေတရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စပြီးဖြစ်လာခဲ့တဲ့ coronavirus disea...
25/10/2025

Covid-19 နှင့် ဆက်စပ် ပတ်သက်ခဲ့တာတွေ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စပြီးဖြစ်လာခဲ့တဲ့ coronavirus disease 19 (Covid-19) ရောဂါက မြန်မာနိုင်ငံကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်မှာ စပြီးရောက်လာခဲ့တယ်။ တရုတ်နိုင်ငံမှ လာသူတွေကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး ဆိုက်ရောက်ဗီဇာ မပေးတဲ့ အမိန့် ထုတ်ခဲ့ပေမဲ့ ရောဂါက တခြားလမ်းကြောင်းနဲ့ ဝင်လာခဲ့တာ ဖြစ်လိမ့်မယ်။

ရောဂါဖြစ်စေတဲ့ coronavirus က မျိုးဗီဇပြောင်းလဲမှုတွေ ရှိလာတယ်။ Alpha နဲ့ Beta variants တွေကို လွတ်သွားခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ အလည်လောက်မှာ Delta virus က ကျွန်တော်တို့အိမ်ကို ရောက်လာခဲ့တယ်။ ရောဂါပိုးရဲ့ အပြင်းစား မျိုးကွဲနဲ့ ကြုံတွေ့လိုက်ရတာပါ။ မိသားစုဝင်အားလုံး တစ်ယောက်ပြီး တစ်ယောက် ရောဂါကူးစက် ခံခဲ့ရတယ်။ လူတိုင်းလိုလို ပြင်းပြင်းထန်ထန် ရောဂါဒဏ်ကို ခံကြရတယ်။ Oxygen ရှူရတဲ့အဆင့်ရောက်ကြတယ်။ အစပိုင်းမှာ ပြုစုပေးတဲ့အလုပ် လုပ်ပေးခဲ့သူတွေဆီ ရောဂါကူးစက် သွားတဲ့အချိန်မှာ ရောဂါစဖြစ်ပြီး နာလန်ပြန်ထတဲ့ လူတွေက တစ်လှည့် ပြန်ပြီး ပြုစုတဲ့အလုပ် လုပ်ခဲ့ရတယ်။

ထူးခြားတာက ဆယ်ကျော်သက်အရွယ် မြေးလေးတွေက အနံ့ပျောက်တာလောက် ပျော့ပျော့ဖျားတာလောက်ပဲ ဖြစ်ကြပြီး ပြန်ကောင်းသွားကြတာပါ။ နံရံ တစ်ထပ်ပဲ ခြားတဲ့ တစ်ဖက်ခန်းမှာ နေတဲ့ အသက် ၉၀ ကျော် အမေကလဲ ကလေးတွေလိုပဲ ရောဂါကူးသွားပေမဲ့ ပြင်းပြင်းထန်ထန် မခံစားရပဲ မြန်မြန် ပြန်ကောင်းသွားခဲ့တယ်။

ဝူဟန်ကစတဲ့ Covid-19 ရောဂါအတွက် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကမ္ဘာတစ်ဝန်းက သုတေသီတွေ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်နဲ့ UK က မိတ်ဆွေ Trevor Jones နှစ်ယောက်ရဲ့ ''Possible method for the production of Covid-19 vaccine'' ပေးစာကို ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်ကထုတ်တဲ့ British Veterinary Association ရဲ့အာဘော်ဖြစ်တဲ့ Veterinary Record ဂျာနယ်မှာ ဖော်ပြပေးခဲ့တယ်။

ကျွန်တော်တို့က ကြက်တွေမှာ coronavirus ကြောင့်ဖြစ်တဲ့ Infectious Bronchitis (IB) ဆိုတဲ့ ရောဂါအတွက်၊ IB virus ရဲ့ မျိုးဗီဇတွေ ကူးပြောင်းပေးထားတဲ့ ဘက်တီးရီးယားကို ထည့်သွင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက IB ရောဂါကို ကာကွယ်ပေးနိုင်၊ ရောဂါဖြစ်နေတဲ့ ကြက်တွေကိုလဲ ကာကွယ်ဆေးနဲ့ ကုသပေးနိုင်ခဲ့လို့ Covid-19 အတွက်လဲ အဲဒီနည်းလမ်းကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်နိုင်မှာဖြစ်ကြောင်း ရေးပြခဲ့တာပါ။

၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်မှာ မြန်မာပြည်ကို စတင်ကူးစက်လာခဲ့ပြီး ကုသနိုင်တဲ့ ဆေး နဲ့ ကာကွယ်ဆေးတွေ ရှိသေးတဲ့ ဒီ Covid-19 ရောဂါအတွက် ကာကွယ်ဆေးကို မြန်မာ့ ပြည်တွင်းမှာ ထုတ်လုပ်လာနိုင်မဲ့ သုတေသနလုပ်ငန်း အတွက် Veterinary Record ကို စာရေးခဲ့သလိုမျိုး ကျန်းမာရေးဝန်ကြီးနဲ့ နိုင်ငံ့ အကြီးအကဲတွေဆီ မတ်လ ၂၈ ရက်မှာ စာရေးပြီးတင်ပြခဲ့တယ်။

ဆေးသုတေသနဦးစီးဌာန (DMR) နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တဲ့အတွက် DMR မှ သုတေသီ ၃ ဦး နှင့် ပူးတွဲလုပ်ဆောင်မဲ့ သုတေသန အစီအစဥ်ကို DMR ရဲ့ Institutional Review Board (IRB) ထံကို ''Development of a Recombinant COVID-19 Vaccine: Preclinical laboratory study'' ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး သတ်မှတ်ထာတဲ့ ပုံစံတွေကို ဖြည့်စွက်တင်ပြခဲ့ပြီး ၂၈၊ ၄၊ ၂၀၂၀ ရက်နေ့မှာ IRB နဲ့တွေ့ဆုံစစ်မေးမှု ခံယူခဲ့တယ်။ ဒါပေမဲ့ အဆိုပြုတဲ့ သုတေသနလုပ်ငန်းကို လုပ်ခွင့်မရရှိခဲ့ပါဘူး။

၂၀၂၀ ဧပြီလလောက်အထိ လူနာတွေကို Covid-19 ရောဂါဖြစ်နေတာလား Covid-19 မဟုတ်ဘူးလား ခွဲခြားပြီးသိရအောင်၊ ဇီဝလုံခြုံရေး အဆင့်မြင်တဲ့ ဓာတ်ခွဲခန်း တွေထဲမှာ Covid-19 virus gene ပါမပါ ခွဲခြား သိနိုင်တဲ့ PCR (polymerase chain reaction) နည်းပညာကိုအသုံးပြုပြီး စစ်ဆေးနေကြရတာ။ အလွယ်တကူ virus ပါမပါစစ်နိုင်တဲ့ antigen test kits တွေ နဲ့ Covid-19 antibody ရှိ မရှိ သွေးကို စစ်နိုင်တဲ့ antibody test kits တွေ အများသုံးအတွက် မထုတ်လုပ်နိုင်ကြသေးဘူး။

ကျွန်တော်တို့ဆီ delta virus ရောက်လာတဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Covid-19 စစ်ဆေးမဲ့ rapid antigen teast kits တွေ နဲ့ antibody (IgM & IgG) test kits တွေ အလွယ်တကူ ဝယ်ယူလို့ ရလာပါပြီ။ ကိုယ်တိုင်စစ်ပြီး နှာခေါင်းတို့ဖတ် ယူပြီး Covid-19 ဖြစ်တာ သေချာတယ်လို့ သိရတဲ့အပြင် ပြန်ကောင်းစမှာ သွေးကိုစစ်ပြီး Covid-19 နဲ့ဆိုင်တဲ့ IgM, IgG ဆိုတဲ့ antibody တွေ ထွက်ထားတယ် ဆိုတာကိုပါ သိရပါတယ်။

ဧပြီလမှာ စမ်းခွင့်မရခဲ့တဲ့ Covid-19 vaccine သုတေသနကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (နှာခေါင်းတို့ဖတ် မှာပါတဲ့ viral genes တွေ၊ သွေးရည်မှာပါတဲ့ antibody တွေ) အိမ်ပေါ်ကို ရောက်လာခဲ့ကြတာပါ။ နာလန်ထစအချိန် အလုပ်လုပ်ဖို့ ခွန်အားမရှိသေးပေမဲ့ ကာကွယ်ဆေး ထုတ်တာမှာ အသုံးပြုရမဲ့ ကုန်ကြမ်းတွေ ကို ရောဂါကူးစက်မှု မဖြစ်စေနိုင်အောင် inactivation လုပ်ပြီး ရေခဲသေတ္တာထဲမှာ စနစ်တကျ သိမ်းဆည်း ထားဖြစ်ခဲ့တယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ Covid-19 ရောဂါကို ကာကွယ်ပေးနိုင်မဲ့ antigens တွေထုတ်လုပ်ပေးမဲ့ မျိုးဗီဇ (genes) တွေကို ဘက်တီးရီးယားတွေဆီ ပို့ပေးတဲ့အလုပ် စလုပ်ခဲ့တယ်။ Recombinant Covid-19 vaccine ဖြစ်လာစေဖို့ပါ။

Covid-19 ကာကွယ်ဆေးတွေ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း အသုံးပြုလာကြတာမှာ အားလုံးက ထိုးနှံရတဲ့ဆေး အမျိုးအစားတွေပါ။ ပိုးအသေပါတဲ့ ကာကွယ်ဆေးနဲ့ ပိုးမပါပဲ Covid-19 ရဲ့ antigens တွေကို ထုတ်လုပ်ပေးမဲ့ messenger RNA (mRNA) ပဲပါတဲ့ ကာကွယ်ဆေး တွေပါ။ ဆေးထိုးပြီးနောက် ဆေးအရှိန်နဲ့ ဖျားနာကြရတယ်။ တချို့ဆေးတွေထိုးပြီး တစ်ရက် ၂ ရက်မက ပြင်းပြင်းထန်ထန် ဖျားကြတာလဲ ရှိခဲ့တယ်။

အခု လုပ်လိုက်တဲ့ စမ်းသပ်ချက်မှာ လူအများ စားသုံးနေတဲ့ probiotics တွေမှာပါတဲ့ Enterococcus fecalis ဆိုတဲ့ ဘက်တီးရီးယားကို အသုံးပြုလိုက်တယ်။ ရလာမဲ့ ကာကွယ်ဆေးကို ထိုးစရာမလိုပဲ သောက်ဆေးအနေနဲ့ အသုံးပြုနိုင်မလား တွေးပြီး အဲဒီ ဘက်တီးရီးယားကို ရွေးချယ်ခဲ့တာပါ။ မျိုးဗီဇ ကူးပြောင်းပေးလိုက်တဲ့ ဒီဘက်တီးရီးယားတွေမှာ Covid-19 antigen တွေပါရှိနေတယ်ဆိုတာ Covid-19 antigen rapid test kit နဲ့ စစ်ပြီး တွေ့ရှိခဲ့ရတယ်။

အဲဒီ ဘက်တီးရီးယားမှာ Covid-19 virus ရဲ့ ဘယ်လိုမျိုးဗီဇတွေ ပါနေတယ်ဆိုတာ အသေးစိတ် သိရအောင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ Novogene AIT Genomics Singapore ကို ဘက်တီးရီးယားရဲ့ DNA ကို ပေးပို့ပြီး whole genome sequencing လုပ်ခဲ့တယ်။ Novogene ဆီကရလာတဲ့ gene sequence ကိုစစ်ဆေးကြည့်တဲ့အခါ မျိုးဗီဇ ကူးပြောင်းပေးထားတဲ့ Enterococcus fecalis မှာ SARS-CoV-2 ရဲ့ envelope protein (E), spike or surface glycoprotein (S) နဲ့ membrane protein (M) တွေရဲ့ gene sequence တွေ ပါနေတယ်ဆိုတာတွေ့ရတယ်။ ဒီ ဘက်တီးရီးယားကို probiobitcs တွေလို သောက်လိုက်သူတွေမှာ Covid-19 ကို ကာကွယ်ပေးနိုင်တဲ့ antibody တွေ ထွက် မထွက်ကိုတော့ နောက်ထပ်စမ်းသပ်ချက်တွေ လုပ်ကြည့်ပြီးမှ သိနိုင်မှာပါ။

အခုအချိန်မှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ Covid-19 ကလဲ အရင်လို ပြင်းထန်တဲ့ရောဂါမျိုး မဟုတ်ပဲ ရာသီတုပ်ကွေး အဆင့်လောက် ဖြစ်နေပါပြီ။ Covid-19 ဖြစ်ခဲ့ဖူး သူတွေ နဲ့ ကာကွယ်ဆေး ထိုးနှံထားခဲ့သူတွေမှာ ဆေးဒဏ် ရေရှည်ရောဂါဒဏ်ဖြစ်ပေါ်တာတွေကိုလဲ ရှာဖွေဖော်ထုတ် နေကြဆဲပါ။

အခုပြောပြတာက ၂၀၂၀ ခုနှစ် တုန်းက ဆေးသုတေသနဦးစီးဌာနနဲ့ ပူးတွဲလုပ်ဆောင်ဖို့ အဆိုပြုခဲ့တဲ့ ''Development of a Recombinant Covid-19 Vaccine: Preclinical laboratory study'' ဆိုတဲ့ သုတေသနလုပ်ငန်းအဆင့်ကို ကိုယ့်အစီအစဥ်နဲ့ လုပ်ဆောင် လိုက်ခဲ့တယ် ဆိုတာကိုပါ။

ဆက်လက်ပြီး ဆေးအာနိသင်ကို စမ်းသပ်တာမျိုး လုပ်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့၊ ဒီနည်းပညာကိုအသုံးပြုပြီး ကူးစက်ရောဂါတစ်ခုအတွက် ကာကွယ်ဆေးသစ်တစ်ခုကို ထုတ်လုပ်ဖို့ ဖြစ်နိုင်တယ်လို့ Veterinary Record မှာရေးခဲ့တာ မမှားပါဘူးလို့ သက်သေပြချင်တဲ့ သဘောပါ။

07/11/2024

ဇာတိပြီးတော့ ဇရာ ဗျာဓိ၊ ဖြစ်လာတော့ ပျက်တာတွေ ကြုံလာပြီ

အသက် ၈၀ နားကို ကပ်နေပြီဆိုတော့ ဇရာ ဗျာဓိ ပိုသိလာရတယ်။

ငယ်ရွယ်တဲ့အချိန်မှာ မျက်လဲကောင်း နားလဲကောင်းတယ်။ အနံ့ခံကောင်း စားလို့ကောင်း စားသမျှလဲ အစာကြေလွယ်တယ်။ အထိအတွေ့အာရုံ ကောင်းသလို မှတ်ဉာဏ်လဲ ကောင်းတယ် သင်ယူမှတ်သားနိုင်ခဲ့တယ်။

အသက်ကြီးလာတော့ ဒီအာရုံတွေ အားနည်းလာတယ်။ ဇရာကြောင့် အာရုံခံနိုင်စွမ်းတွေ ကျဆင်း ယုတ်လျော့လာတယ်။ တကယ်တော့ အိုတယ်ဆိုတာ တဖြည်းဖြည်းချင်း မသိမသာ ယိုယွင်းလာတာမျိုးပါ။ စပြီး သိသာတာက မျက်စိ။

အသက် ၄၀ ကျော်လာရင် မျက်ရည်ထုတ်တဲ့နှုန်း လျှော့လာတယ်၊ မျက်စေ့ ခြောက်တာ (dry eyes) ဖြစ်လာတယ်။ မျက်စိအတွင်းမှာရှိတဲ့ မှန်ဘီလူးမှာပါတဲ့ ပရိုတင်းတွေ ပြိုကွဲပျက်စီးလာလို့ တိမ်တွေ (cataracts) ဖြစ်လာ မျက်စိမှုံလာတယ်။ (မျက်မှန် စတပ်ခဲ့ရတယ်) အသက်ပိုကြီးလာရင် မျက်စိအအလည်ကန့်မှာရှိတဲ့ အချွဲရည် (vitreous fluid) လျော့လာ ကြုံ့လာလို့ အဖတ်တွေ အစက်တွေ အမျှင်တွေ မြင်ကွင်းထဲမှာ ရွေ့နေ မျောသွားနေတာတွေ တွေ့လာရတယ်။ ကြည့်မကောင်းဖြစ်လာတယ်။ (၇၀ ကျော်မှာ မျက်စိ ၂ ဖက်လုံး မှန်ဘီလူးလဲတဲ့ cataract operation လုပ်လိုက်ရတယ်)

နားရဲ့ အကြားအာရုံ အိုမင်းလာတာက အသက် ၅၀ နောက်ပိုင်းမှာ စတယ်လို့ဆိုတယ်။ အသက် ၂၀ အရွယ်မှာ 17000Hz နဲ့ သူ့ထက်မြင့်တဲ့ အသံလှိုင်းတွေကို ကြားနိုင်တယ်။ အသက် ၃၀ ကျော်လာရင် 16000Hz လောက်ကိုပဲ ကြားနိုင်လာပြီး၊ ၅၀ ကျော်လာရင် တဖြည်းဖြည်း 12000Hz လောက်ကိုမှ ကြားနိုင်တဲ့အဆင့်ကို လျော့ကျသွားတယ်။ သက်ကြီးရွယ်အိုတွေ နားလေးတာ (presbycusis) ကို အသက် ၇၀ ကျော်မှာ အများစု ကြုံတွေ့ကြရတာပါ။ (အနားရှိနေပြီး ပြောနေတာဂရုမစိုက်ဘူး အပြောခံလာရတယ်၊ မကြားဘူးဆိုတာ မသိကြလို့)

ခံတွင်းကောင်းတာက လျှာပေါ်မှာရှိတဲ့ ချို ချဥ် ငန် ခါး အရသာရှိတယ် ဆိုတဲ့ ရသာရုံငါးမျိုးကို ခံစားသိရှိစေတဲ့ ဖုလေးတွေ (taste buds) ကောင်းနေလို့။ ၁၀၀၀၀ လောက်ရှိတဲ့ taste buds တွေက အသက်ရလာရင် တဖြည်းဖြည်း ရှုံ့လာတယ် အရေအတွက် လဲလျော့လာတယ်၊ ခံတွင်းထဲမှာ လျှာရည် (saliva) ထွက်တာလဲ နည်းလာတယ်။ ခံတွင်းခြောက်လာ taste buds နည်းလာ တဲ့အပြင် အသက်ကြီးလို့ အာရုံကြောတွေ အားနည်းလာတာကြောင့် ခံတွင်းမကောင်းဖြစ်လာတယ်။ ဒါတွေကြောင့် အသက် ၆၀ ကျော်လာရင် အိုလာရင် စားရတာ အရသာသိပ်မရှိ ဖြစ်လာတယ်။

အနံ့ကလဲ အလားတူပဲ၊ အသက် ၅၅ ကျော်လာရင် အနံ့သိမှု အားလျော့လာတယ်၊ ၇၀ ကျော်လာရင် ပိုသိသာလာတယ်။ သူကလဲ နှာခေါင်းအတွင်းမှာ ထွက်တဲ့ အစိုအချွဲ (mucin) လျော့လာတာ အာရုံကြောတွေ အားနည်းလာတာတွေနဲ့ ဆိုင်တာပဲ။ Mucin က အနံ့ကို နှာခေါင်းထဲကြာကြာနေအောင်ထိန်းပေးလို့ အနံ့ကိုပိုပြီးအာရုံခံမိစေပြီး အနံ့ကို အာရုံခံနာဗ်ထိပ်ဖျားတွေ (nerve endings) တွေကနေ ပြန်ပြီး ဖယ်ရှင်းပေးတဲ့အလုပ် လုပ်ပေးတယ်။

ဖောဋ္ဌဗ္ဗာယတန ဆိုတဲ့ အထိအတွေ့အာရုံ (tactile sense) က အရေပြားပေါ်မှာရှိနေတဲ့
အကြမ်းအနု အဖိအဆွဲ အပူအအေး အနာအကျင် တုန်ခါမှု နဲ့ ခြေလက်အင်္ဂါအနေအထားတွေကို သိစေတဲ့ အာရုံခံကရိယာတွေ (receptors) ကြောင့် သိရှိခံစားရတာပါ။ အသက်ကြီးလာရင် အရေပြားရဲ့ ဆန့်ကျုံ့သတ္တိ (elasticity) လျော့လာတယ် အထိအတွေ့အာရုံခံတွေ (tactile receptors) နည်းလာ ပုံပြောင်းလာပြီး နာဗ်ကြောတွေရဲ့ သတင်းပို့နိုင်စွမ်း လျော့ကျနှေးကွေးလာလို့ အထိအတွေ့အာရုံလဲ အားနည်းလာတယ်။ ထိဖို့ သိဖို့ ပိုပြီးအားစိုက်ပေးလာရတယ်။ နူးညံ့တဲ့ အထိအတွေ့ကို ပိုသဘောကျလာတယ်။ (အင်္ကျီတွေလဲ ချောင်ချောင်ပွပွ၊ ဟောင်းတာတွေကို ပိုပြီးဝတ်ချင်လာတယ်၊ အသစ် တောင့်တောင့်တင်းတင်းက သိပ်အဆင်မပြေချင်)

မှတ်ဉာဏ်က အသက် ၂၀ ကျော်အရွယ်မှာ အကောင်းဆုံးလို့ဆိုတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း အားလျော့လာတာ အသက် ၅၀ ကျော်တွေ ၆၀ ကျော်တွေဆို ပိုသိသာလာတယ်။ အရင်သိထား မှတ်ထားတာတွေ ပြန်စဥ်းစားမရ ဖြစ်လာတယ်။ ပစ္စည်းသိမ်းထားတဲ့နေရာတွေ မေ့သွားတာ၊ လုပ်မယ်စိတ်ကူးလိုက်ပြီး မကြာခင်ပဲ ဘာလုပ်မယ်ဆိုတာ မေ့သွား တွေးလို့မရဖြစ်သွားတွေ ကြုံတွေ့လာတယ်။ (အခန်းထဲဝင်သွားတယ် ဘာယူဖို့သွားမှန်း မသိတော့ဘူး၊ တံခါးပိတ်ဖို့မေ့တယ်၊ သော့နှိပ်မိလား မနှိပ်မိလား ပြန်စမ်းကြည့်ရတာတွေ ဖြစ်လာတယ်)

ဇရာကြောင့် တဖြည်းဖြည်း ယုတ်လျော့လာတာကို လူတိုင်းလူတိုင်း မလွဲမသွေ ကြုံတွေ့ကြရမှာပါ။

ပြီးခဲ့တဲ့ Covid-19 ကပ်ရောဂါအချိန်မှာ အသက်ငယ်သေးသူတွေ အပါအဝင် ရောဂါဖြစ်သူအများစု ရုတ်တရက် အနံ့ပျောက်တာ ခံတွင်းပျက် အရသာမသိဖြစ်တာ (ageusia) ကြုံတွေ့ ခံစားခဲရတယ်။ အသက်အရွယ်နဲ့ မသက်ဆိုင်ပဲ ရောဂါတွေကြောင့် အာရုံမခံစားနိုင်မှုတွေ ဖြစ်လာနိုင်တာပဲ။ (Covid ကိုယ်တွေ့ပါ)

အသက်ကြီးလာချိန်မှာ သွေးကြောတွေ ပျော့ပျောင်းမှုလျော့ပြီး မာတင်းလာကြတယ်။ နှလုံးက သွေးရည်တွန်းပို့ရတာ ပိုအားစိုက်ရလို့ သွေးပေါင်ချိန် သွေးဖိအား မြင့်တက်လာတယ်။ သွေးတိုးရောဂါ ဖြစ်လာစေတယ်။ သွေးလွှတ်ကြောနံရံတွေမှာရှိတဲ့
မျှော့ကြိုးလို ဆန့်ကျုံ့သတ္တိရှိတဲ့တစ်သျှူး (elastic tissue) တွေလျော့နည်းဆုံးရှုံးလာလို့ သွေးကြောတွေရဲ့ ကြန့်ခိုင်မှု အားလျော့လာတယ်။ သွေးဖိအားပိုတိုးလာရင် သွေးကြောတွေစိမ့်တာ ပေါက်တာတွေ ဖြစ်လာနိုင်တယ်။ သွေးထွက်ပြီး သွေးခဲလို့ သွေးကြောပိတ်တာတွေ ဖြစ်လာနိုင်တယ်။

သွေးဖိအားမြင့်လာရင် မျက်လုံးကသွေးကြောတွေ ဖောင်းတင်းပြီး သွေးစိမ့်ထွက်တတ်တယ်။ သွေးစိမ့်ထွက်တာ သွေးကြောပေါက်တာတွေက နှလုံး ဦးဏှောက်လို နေရာတွေမှာဖြစ်လာရင် သွေးခဲပြီး သွေးကြောပိတ်တာတွေဖြစ်ရင် နှလုံးရောဂါ လို လေဖြန်း လေငန်းဆွဲတာတွေထိ ဖြစ်လာနိုင်ပါတယ်။ (မျက်စိ သွေးကြောပေါက်တာ မကြာခနကြုံခဲ့ပေမဲ့ သွေးတိုးတာကြောင့်လို့ သတိမထားမိခဲ့၊ ခေါင်းချာလည်မူးပြီး လဲကျမလိုတွေဖြစ်မှ သွေးတိုးနေတာ သိလာပြီး ဆေးစသောက်ခဲ့ရတာ)

မျက်လုံးသွေးကြောပေါက်တာက အမြင်အာရုံကို မထိခိုက်စေနိုင်ပေမဲ့၊ ရုတ်တရက် သွေးဖိအား မြင့်တက်လိုက်တဲ့အတွက် နားအတွင်းက အာရုံကြောတွေ အသံတုန်ခါမှုကို အာရုံခံတဲ့ အမွေးအသေးစားလေး (stereocilia) တွေ ထိခိုက်ပြီး ယာယီ နားမကြားတာ နားလေးသွားတာဖြစ်နိုင်တယ်။ (ရုတ်တရက် နားလေးသွားတာဖြစ်လာပြီး နောက်ပိုင်းမှ သွေးတိုးရှိနေတယ်လို့ သတိထားမိလေ့ ရှိကြတယ်)။ သွေးဖိအားပုံမှန် ပြန်ဖြစ်သွားရင် နားပြန်ကောင်းသွားပြန်တယ်။ ဒါပေမဲ့ သွေးတိုးခန ခန ဖြစ်လာပြီး သွေးဖိအားပိုမြင့်လာရင် နားလုံးဝမကြားတဲ့အဆင့် ဖြစ်စေနိုင်တယ်လို့ဆိုကြတယ်။

အသက်ကြီးလာလို့ ခံတွင်းပျက်လာချိန်မှာ အငန်တွေ ပိုစားမိကြပြီး သွေးတိုးဖို့ပိုဖြစ်လာစေတယ်။ ဆားက အရည်ကိုထိန်ထားပေးလို့ သွေးပမာဏပိုလာပြီးသွေးဖိအားပိုတိုးလာစေပါတယ်။ (မနက်ပိုင်းစားနေကျ ပဲပြုတ်လဲ မတည့်ဖြစ်လာတယ်)

ဆီးချိုရောဂါ (type 2 diabetes) ကလဲ အသက်ကြီးလာရင် အဖြစ်များလာတယ်။ ဆီးချိုက အသက် ၄၅ ကျော်လာရင် တွေ့ရပြီ၊ ဆီးချိုသမားတစ်ဝက်လောက်က အသက် ၆၅ နှစ် အထက်တွေလို့ဆိုတယ်။ ကြီးလာရင် လှုပ်ရှားမှုနည်းလာတယ်၊ စားသောက်ပုံပေါ်မူတည်ပြီး ဝတဲ့သူတွေများလာတယ်။ ထမင်းစားလျှော့ပေမဲ့ သရေစာတွေ ပိုစားဖြစ်တယ်။ အသက်ကြီးလာရင် ဂလူးကို့စ် သကြားဓာတ်ကို ချေဖျက်မဲ့ အင်ဆူလင် ထုတ်လုပ်မှု လျော့လာတယ်၊ အင်ဆူလင်ဆန့်ကျင်မှု (insulin resistance) များလာတယ်၊ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေရဲ့ ပမာဏရော စွမ်းဆောင်ရည်ပါ လျော့ပါးလာတယ်။

သွေးထဲမှာ ဂလူးကို့စ် များနေရင် သွေးရည်မှာပါရှိတဲ့ ပရိုတင်းတွေ နဲ့ ပေါင်းစပ်တဲ့ (glycation) ဓာတ်ပြုမှု ဖြစ်လာတယ်။ Protein glycation ကြောင့်ဖြစ်လာတဲ့ ပစ္စည်းတွေကြောင့် မျက်စိ ကျောက်ကပ် ဦးဏှောက်အာရုံကြော နှလုံးကြွက်သား အရိုး နဲ့ အဆ​စ်တွေမှာ ချွတ်ယွင်းမှုတွေ ရောဂါတွေ ဖြစ်လာစေနိုင်တယ်။ ဂလူးကို့စ် နဲ့ collagen တွဲစပ်သွားတဲ့အတွက် အရေပြားရဲ့ ဆန့်ကြုံ့သတ္တိ လျော့သွားပြီး အရေပြား ခြောက်တာ ပိုဆိုးရင် အက်ကွဲသွေးထွက်တာတွေ ဖြစ်နိုင်တယ်။ အနာအဆာတွေ အကျက်နှေးတယ်။ ဆီးချိုကြောင့် များနေတဲ့ ဂလူးကို့စ်ကြောင့် အရေပြားရဲ့ ဇရာကို ပိုပြီး သိသာထင်ရှားသွားစေတယ်။

ဆီးချိုက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ နာဗ်ကြောတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ သွေးထဲမှာ သကြားဓာတ်များ လာတဲ့အတွက် နားအတွင်းပိုင်းက သွေးကြောအသေးလေးတွေ နဲ့ နာဗ်ကြောတွေကို ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်။ သွေးထဲမှာ သကြားဓာတ်လျော့ကျသွားချိန်မှာ နားအတွင်းပိုင်းက ဦးဏှောက်ကို သတင်းအချက်အလက် ပို့ပေးတာကို ထိခိုက်မှုဖြစ်စေတယ်။ သကြားဓာတ် ပိုတာ လျော့တာ နှစ်မျိုးလုံးက အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ နားလေးတာကို ဆီးချိုရှိသူတွေမှာ မရှိသူတွေထက် ၂ ဆ ပိုပြီးတွေ့ရတယ်၊ ဆီးချိုဖြစ်လာနိုင်ခြေရှိသူ (prediabetes) တွေမှာလဲ ဆီးချိုမရှိသူတွေထက် နားလေးတာကို ၃၀% ပိုတွေ့ရတယ် လို့ဆိုတယ်။

ဆီးချိုကြောင့် လျှာရဲ့အရသာခံမှု အဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ အရသာသိမှု နည်းတာ ပိုတာ လုံးဝအရသာမသိတာ မျိုးဖြစ်နိုင်တယ်။ အရသာသိမှုမမှန်တာက ဆီးချိုဖြစ်နေတာကို အချက်ပေးတဲ့ ကနဦးလက္ခဏာ တစ်ခု လို့ဆိုတယ်။

ကိုယ်တိုင်ဇရာကိုလက်တွေ့ကြုံလာရတော့ သက်ကြီးရွယ်အိုတွေမှာ အသက်ကြီးလာလို့ ခန္ဓာကိုယ် အာယာတန ၆ပါး ယိုယွင်း ပျက်စီးလာတာတွေ၊ မစွမ်းဆောင်နိုင်တာတွေ၊ သတိချွတ်ချော် မေ့လျော့လာတာတွေ၊ ကြုံတွေ့လာတဲ့ သွေးတိုး ဆီးချို နဲ့ သူတို့ရဲ့နောက်ဆက်တွဲ နှလုံး ကျောက်ကပ် အရိုးအဆစ် ရောဂါတွေ၊ ဖြစ်တာတွေ ဖြစ်လာပြီး ဖြစ်လာမှာတွေ အတွက် သတိနဲ့ ဆင်ခြင်နေလာရပြီ ဆိုတာပါ။

ဒီလိုတွေကို အရင်က ကိုယ့်ရှေ့မှာ ဖြစ်နေကြတာ မြင်နေတွေ့နေရပေမဲ့ အသက် ၄၀ ကျော် ၅၀ ကျော် အထိ ကိုယ်နဲ့မဆိုင်သလိုနေလာခဲ့တာ။ အလုပ်ဆိုတဲ့ နေ့စဥ်ကိစ္စတွေမှာ နစ်ပြီးနေခဲ့မိတာ။ ကိုယ်တိုင်ကြုံလာမယ်ဆိုတာ တကယ်ဖြစ်လာတော့မှ သိသွားတာပါ။ စောစောကသိခဲ့ရင် ဆင်ခြင်မိခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ နောင်တ အတွေး ဖြစ်လာမှာမဟုတ်ဘူး။

Arul Kalanithi ဆိုတဲ့ American neurosurgeon တစ်ယောက်ရေးတဲ့ When Breath Becomes Air ဆိုတဲ့ ကိုယ်တိုင်ရေးအထုပ္ပတိစာအုပ်မှာ ''သူကိုယ်တိုင် ကင်ဆာဖြစ် အကုသခံနေရမှ အရင်သူကုခဲ့တဲ့ လူနာတွေ ဘယ်လိုခံစားနေရတယ်ဆိုတာ တကယ်သဘောပေါက်မိတော့တယ်'' လို့ရေးတာ ဖတ်လိုက်ရတယ်။ သူက stage IV metastatic lung cancer နဲ့ ဆုံးသွားတာ။ စာအုပ် နောက်ဆုံးအခန်းကို သူ့ဇနီးဆရာဝန်မက ဆက်ရေးခဲ့ရတယ်။

ကျနော်လဲ ဇရာကို လက်တွေ့ကြုံနေလို့ သူ့လို လိုက်ပြောကြည့် မိတာပါ။

မလွဲမသွေ ကြုံကြရမဲ့ ဇရာသဘောကိုသိပြီး မတုန်မလှုပ် သတိရှိရှိ ရင်ဆိုင်ကျော်ဖြတ် နိုင်ကြ စေချင်ပါတယ်။

ဆိတ် သိုး အစာအိမ်သန် Haemonchus contortus အတွက် ကာကွယ်ဆေးကာကွယ်ဆေး (vaccine) ဆိုတာက ရောဂါတစ်ခုခု မဖြစ်ခင် ကြိုပြီးအသုံးပ...
02/10/2024

ဆိတ် သိုး အစာအိမ်သန် Haemonchus contortus အတွက် ကာကွယ်ဆေး

ကာကွယ်ဆေး (vaccine) ဆိုတာက ရောဂါတစ်ခုခု မဖြစ်ခင် ကြိုပြီးအသုံးပြုတဲ့ဆေးမျိုးပါ။ အထူးသဖြင့် virus, bacteria တွေကြောင့်ဖြစ်တဲ့ ကူးစက်တတ်တဲ့ရောဂါ၊ ကူးစက်မြန်ရောဂါ တွေအတွက် ကာကွယ်ဆေးတွေ ထုတ်လုပ် အသုံးပြုကြပါတယ်။ ကာကွယ်ဆေးတွေမှာ သက်ဆိုင်ရာ ရောဂါပိုး တစ်ခုလုံး၊ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် သူဆီကထွက်တဲ့ ပစ္စည်းတွေကို ထည့်သွင်းပြီး ထုတ်လုပ်ကြတယ်။

ကာကွယ်ဆေးက သူ့ကို အသုံးပြုလိုက်တဲ့ လူ၊ တိရစ္ဆာန် တွေရဲ့ ကိုယ်ခံစွမ်းအားအဖွဲ့ကို ဆိုင်ရာရောဂါကို ကာကွယ်ပေးတဲ့အကျိုး ဖြစ်လာအောင် လှုံ့ဆော်ပေးပြီး ပေါ်ထွက်လာတဲ့ ကာကွယ်မှုစွမ်းအားတွေကြောင့် ရောဂါတွေမဖြစ်ပွားအောင် တားဆီးကာကွယ် ပေးနိုင်တာပါ။

မကြာသေးတဲ့ ရက်ပိုင်းက ဆိတ်မွေးမြူရေးလုပ်နေတဲ့ မိတ်ဆွေ Vet တစ်ဦးက Haemonchus contortus ကို မနိုင်ဘူးဖြစ်နေတယ်၊ သြဇီမှာတော့ BarbervaX ဆိုတာလေး သုံးကြတာတွေ့ရတယ်။ ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲ အကြုံပေးဖို့ ပြောလာခဲ့တယ်။

ကာကွယ်ဆေးတွေကို အသုံးပြုလာနိုင်လို့ virus, bacteria စတဲ့ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေ မဖြစ်ပွားရအောင် ကာကွယ်ထိန်းချုပ်လာနိုင်ကြပါတယ်။ ဒါပေမဲ့ ဆဲလ်အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ သန်ကောင်တွေအတွက် အန္တရာယ်ကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ခက်ခဲနေဆဲပါ။

သန်ရောဂါတွေနဲ့ပတ်သက်ရင် သန်ချဆေးတွေသုံးပြီး ရောဂါထိန်းချုပ်တဲ့အလုပ်ကိုပဲ လုပ်ပေးကြပါတယ်။ အခုအချိန်မှာ သန်ကောင်တွေကို သန်ကောင်လောင်းအဆင့်က သန်ကောင်ကြီးအဆင့်အထိ သေစေနိုင်တဲ့ အစွမ်းထက်တဲ့ သန်ချဆေးတွေ အသုံးပြု လာနိုင်ကြပါပြီ။ သန်တွေက အမျိုးအစားအများကြီးရှိပြီး အမျိုးအစားအလိုက် အသုံးပြုရတဲ့ သန်ချဆေးတွေလဲ ရှိလာပါတယ်။ တစ်ဖက်မှာလဲ မွေးမြူရေးလုပ်ငန်းတွေမှာ သန်တွေက သန်ချဆေးတွေနဲ့ ယဉ်ပါးပြီး ဆေးမတိုးတော့တဲ့ ကိစ္စတွေလဲ ကြုံလာနေပြန်တယ်။

Haemonchus contortus ဆိုတာက သိုး ဆိတ် တွေကိုအဓိက ဒုက္ခပေးတဲ့ သန်ကောင်ပါ။ သိုး ဆိတ် တွေရဲ့ abomasum (စတုတ္ထအစာအိမ်) မှာစွဲကပ်ပြီး သွေးကိုစုတ်ယူစားသောက်ကြတဲ့အတွက် သွေးအား နဲ့ သွေးတွင်းပရိုတင်း လျှော့နည်းစေပြီး သေဆုံးမှုတွေပါ ဖြစ်စေနိုင်ပါတယ်။ 10 - 30 mm အရွယ်သာရှိတဲ့ ဒီသန်ကောင်လေး တစ်ကောင်က တစ်နေ့ကို သွေး 0.05 ml လောက်အထိ စုပ်နိုင်ကြတယ်။ သိုး ဆိတ် တစ်ကောင်ရဲ့ အစာအိမ်မှာ သန်ကောင် ထောင်ချီပြီးရှိနေနိုင်လို့ တစ်ရက်မှာ သွေး 100 cc မက ဆုံးရှုံးနိုင်ပါတယ်။ အမတစ်ကောင်က တစ်ရက်မှာ သန်ဥ ၅၀၀၀ နှုန်း ဥချကြတယ်ဆိုတော့ ခြံတွေနဲ့ စားကျက်တွေမှာ သန်ဥတွေက ပေါက်လာတဲ့ သန်လောင်းအဆင့် တစ်၊ နှစ် နဲ့ သုံး (L1, L2, L3) တွေ အမြောက်အများရှိနေပြီး စားကျက်ကိုရောက်လာစားသောက်တဲ့ ဆိတ်ငယ် သိုးငယ် တွေက သန်ကောင်လောင်းတွေကိုစားမိကြလို့ အစာအိမ်ထဲမှာ သန်လောင်းအဆင့် လေး၊ ငါး (L4, L5) နဲ့ သန်ကောင်အဆင့် ကြီးထွားလာပြီး ဒီသန်ကောင်ရဲ့ ဘဝစက်ဝန်း ဆက်ပြီး ဖြစ်လာနေတာပါ။

သန်ကောင်အထီးထက် အမတွေက အရွယ်ပိုကြီးပြီး သွေးပိုစုပ်ကြတယ်။ အမတွေရဲ့ သွေးပြည့်နေတဲ့အူလမ်းကြောင်းကို ဆံသဆိုင်တွေရဲ့အမှတ်အသားပြု ချိတ်ဆွဲထားတဲ့ barber's pole လို အဖြူတစ်ရစ် အနီတစ်ရစ် မြင်တွေ့ရလို့ barber's pole worm လို့လဲခေါ်ကြတယ်။ မိတ်ဆွေပြောတဲ့ သြဇီက BarbervaX ဆိုတဲ့အမည်က barber's pole worm အတွက်ကာကွယ်ဆေးလို့ ဆိုတာပါ။ ဘယ်လိုဖြေရှင်းနိုင်မလဲ အကြံပေးဖို့ သူပြောလာတဲ့ ရည်ရွယ်ချက်က Barbervax လို ကာကွယ်ဆေး ထုတ်လို့ရမလားလို့ မေးတဲ့သဘောပါ။

Government of Western Australia ရဲ့ website မှာတွေ့ရတဲ့ Development and production of Barbervax vaccine against barber's pole worm in sheep ဆိုတဲ့ စာတမ်းအရ ဒီကာကွယ်ဆေးကို Moredum Research Institute (United Kingdom) နဲ့ West Australia က Albany parasitology laboratories တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်ကြောင့် ၂၀၁၄ အောက်တိုဘာမှာ စပြီး ထုတ်လုပ်ရောင်းချလာခဲ့တာလို့သိရတယ်။ ဆေးကို Wormvax Australia Pty Ltd က ထုတ်လုပ်ပေးတာပါ။

Barbervax ကာကွယ်ဆေးမှာ အဓိကပါတဲ့အရာက barber's pole worm ရဲ့ သန့်စင်ထားတဲ့ အူနံရံပရိုတင်း အနည်းငယ်ပါ။ Moredum Research Institute က နှစ် ၂၀ လောက်သုတေသန လုပ်ခဲ့ပြီး barber's pole worm ရဲ့ အူနံရံမှာပါရှိတဲ့ ပရိုတင်းတွေက ဒီသံရောဂါကို ကာကွယ်ပေးတဲ့ သတ္တိရှိတယ်လို့ တွေ့ထားခဲ့တာပါ။

သူတို့ သုတေသန စလုပ်တဲ့ရည်ရွယ်ချက်က သိုး ဆိတ်တွေကို ဓာတုဗေဒ သံချဆေးတွေ သုံးနေရတာကို အစားထိုးဖို့ပါ။ နောက်ပိုင်းမှာတော့ သံချဆေးတွေမထိရောက် ဖြစ်လာလို့ ကာကွယ်ဆေးကို သုံးဖို့ဖြစ်သွားတာလို့ဆိုတယ်။

ဆေးမထိုးဘူးသေးတဲ့ သိုး ဆိတ် တွေကို Barber's pole worm ဖြစ်တဲ့ရာသီမတိုင်ခင် Barbervax ကာကွယ်ဆေး သုံးကြိမ် ထိုးပေးရပြီး၊ နောက် Barber's pole worm ဖြစ်တဲ့ရာသီအတွင်း ရက်သတ္တ ၆ ပတ်စီခြားပြီး ဆေးထပ်ထိုးပေးဖို့လိုတယ် လို့ဆိုတယ်။ ဒီကာကွယ်ဆေးက သန်တွေကို ရှင်းသွားစေမှာ မဟုတ်ပေမဲ့ သန်ဥထွက်နှုန်းလျှော့ကျစေပြီး သန်ရောဂါတိုးမဖြစ်အောင် ထိန်းထားပေးမှာလို့ BarbervaX website မှာ ဆိုထားတယ်။

အခုကျွန်တော့မိတ်ဆွေအလိုရှိတာကို လုပ်ပေးလို့ရနိုင်မလား၊ virus vaccines တွေကို ဘက်တီးရီးယားသုံးပြီးထုတ်ခဲ့သလို ဒီသံရောဂါအတွက် ကာကွယ်ဆေးကို ဘက်တီးရီးယားသုံးပြီး ထုတ်လို့ ဖြစ်နိုင်မလား ဆိုတာတော့ လက်တွေ့ လုပ်ကြည့်မှ သိရပါလိမ့်မယ်။ လိုအပ်တာတွေကို မိတ်ဆွေကို ပြောပြလို့ သူက ဆိတ်အစာအိမ်ထဲက သန်ကောင်တွေရယ် သန်စွဲလို့သွေးအားနည်းနေတဲ့ ဆိတ်တချို့ရဲ့ သွေးနမူနာတွေ ပို့ပေးလာပါတယ်။

မြန်မာ့နည်းနဲ့ barber's pole worm vaccine ထုတ်လုပ်လို့ ဖြစ်လာမလား၊ မိတ်ဆွေရဲ့ သိုးတွေ ဆိတ်တွေကို သန်ရောဂါသက်သာအောင် ကာကွယ်ပေးနိုင်မလား သိရဖို့ အချိန်တစ်ခုတော့ စောင့်ရပါလိမ့်မယ်။

တီဘီရောဂါတွေ့ရင် သတ်လိုက်ပါ ဆိုတဲ့ ဥပဒေကို ကျက်ခဲ့ရဖူးတယ်တိရစ္ဆာန်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေက မွေးဆေးတက္ကသိုလ် နေ...
12/09/2024

တီဘီရောဂါတွေ့ရင် သတ်လိုက်ပါ ဆိုတဲ့ ဥပဒေကို ကျက်ခဲ့ရဖူးတယ်

တိရစ္ဆာန်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေက မွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် ပြဌာန်းသင်ခန်းစာ မှာပါပါတယ်။ ၁၉၉၃ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ ''တိရစ္ဆာန် ကျန်းမာရေး နှင့် ဖွံ့ဖြိုးရေး ဥပဒေ'' က ပယ်ဖျက်လိုက်တဲ့ ဥပဒေဟောင်း ၅ ခုမှာ ပထမ တစ်ခုဖြစ်တဲ့ ''The Livestock Importation Act, 1898'' အရ ''ပြည်တွင်းကို တင်သွင်းလာတဲ့ တိရစ္ဆာန်မှာ တီဘီရောဂါ စစ်ဆေးတွေ့ရှိရင် သတ်ပြစ်ရမယ်'' လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း (၂၀၂၄ သြဂုတ်လ ၃၀ ရက်) က BBC မှာ ''Badger culling to end in England within five years'' ခေါင်းစဥ်နဲ့ Malcolm Prior ရေးတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ Badger (မြန်မာလို ခွေးတူဝက်တူ) ခေါ်တဲ့ မြေတွင်းတူးပြီး နေတဲ့ တိရစ္ဆာန်လေးတွေဟာ England က နွားတွေရဲ့ တီဘီရောဂါ (bovine tb) ကို ကူးစက်စေတဲ့ အဓိကတရားခံဖြစ်နေတယ်ဆိုတာ ၂၀၁၈ မှာ ကျနော့မိတ်ဆွေ Trevor Jones ရေးတဲ့ ''Double Dammed: English Tuberculosis Complex'' စာအုပ်ကို ဖတ်ရမှ အသေအချာသိခဲ့တာပါ။

Bovine tb က နွားတွေအချင်းချင်း ကူးစက်သလို ရောဂါရှိတဲ့နွားမရဲ့ နို့ကိုသောက်တဲ့အတွက် လူကိုကူးစေနိုင်ပါတယ်။ World Health Organization ရဲ့စာရင်းအရ၂၀၁၈ ခုနှစ်က တစ်ကမ္ဘာလုံးမှာ လူပေါင်း ၁၄၃၀၀၀ လောက် တိရစ္ဆာန်ကကူးတဲ့တီဘီ ရောဂါဖြစ်ခဲ့ပြီး လူပေါင်း ၁၂၃၀၀ သေဆုံးခဲ့တယ်လို့ သိရတယ်။ အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ၁၅၀ အချိန်က လူ ၈ ယောက်မှာ တစ်ယောက် တီဘီဖြစ်တယ်လို့ဆိုတယ်။ တိရစ္ဆာန်က ကူးတဲ့ တီဘီလဲ ပါနေခဲ့မှာ။ Bovine tb ကို အမြစ်ဖြုတ်ဖို့ကို ၁၉၃၅ လောက်က စပြီးကြိုးပမ်းခဲ့တာ၊ ၁၉၆၀ ကျမှ Britain တစ်နိုင်ငံလုံးက နွားတွေကို တီဘီစစ် (tuberculin test လုပ်) ပြီး ရောဂါရှိတဲ့ (tuberculin test positive ဖြစ်တဲ့) နွားတိုင်းကို သတ်တဲ့အစီအစဥ် စလုပ်နိုင်ခဲ့တာ။

Trevor Jones က ပထမပိုင်းမှာ bovine tb က ခြံထဲကနွားတွေမှာပဲ တွေ့ခဲ့ပြီး စားကျက်မှာ လွှတ်မွေးတဲ့နွားတွေက တီဘီ မဖြစ်ကြဘူး၊ badger တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့စလုပ်တဲ့ ၁၉၇၂ ခုနှစ် နောက်ပိုင်းမှာမှ စားကျက်က နွားတွေမှာ တီဘီဖြစ်နှုန်း တဖြည်းဖြည်းမြင့်တက်သွားတာလို့ဆိုတယ်။ ဒါကြောင့် badger ကောင်ရေ အရမ်းများလာပြီး နွားတီဘီ ထိန်းမနိုင်ဖြစ်လာတဲ့ နောက်ပိုင်းမှာ badger conservation ကနေ badger killing လုပ်ဖို့ ဖြစ်သွားခဲ့ရတယ်။

အခု BBC ဆောင်းပါးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တီဘီဖြစ်တဲ့ နွား ၂၇၈၀၀၀ ကျော်ကို သတ်ခဲ့ရပြီး၊ ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ badger ၂၃၀၀၀၀ ကို သတ်ခဲ့ရတယ်လို့ဆိုတယ်။ တီဘီ ရောဂါထိန်းချုပ်တဲ့ အလုပ်တွေအတွက် နှစ်စဥ် ပေါင်သန်း ၁၀၀ ကျော်စီ ကုန်ကျနေပါတယ်။

BBC ဆောင်းပါးအရ အစိုးရရဲ့ အစီအစဥ်သစ်က badger တွေကို မသတ်တော့ပဲ ကာကွယ်ဆေးထိုးပေးမယ်၊ ရည်မှန်းချက်က နွားတီဘီ (bovine tb) ဆိုတဲ့ Mycobacterium bovis ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ ရောဂါ ကို ၂၀၃၈ ခုနှစ်မှာ အမြစ်ဖြုတ် နိုင်ဖို့ပါ။

လူတွေမှာ Mycobacterium tuberculosis ကြောင့်ဖြစ်တဲ့ တီဘီရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ BCG ဆိုတဲ့ ကာကွယ်ဆေးရှိသလို၊ ရောဂါဖြစ်တဲ့ လူနာတွေကို ကုသပေးနိုင်တဲ့ ကုသဆေးတွေလဲ ရှိပါတယ်။ ဒါပေမဲ့ တီဘီရောဂါ ကုသဖို့အတွက် ဆေး ၄ မျိုးလောက်သုံးပြီး ၆ လ က ၉ လအထိ ကုပေးရပါတယ်။ နွားတွေအတွက် ကာကွယ်ဆေး မရှိသေးသလို ကုသမယ်ဆိုရင်လဲ လတွေချီပြီး ကုသဆေးတွေအသုံးပြုရမဲ့ ကုန်ကျစရိတ်က စီးပွားရေး တွက်ခြေမကိုက်နိုင်။ ရောဂါကူးစက် ပြန့်ပွားစေနိုင်တဲ့ အန္တရာယ်လဲ ရှိနေတာကြောင့် နွားမှာ တီဘီရောဂါဖြစ်ရင် ဥပဒေအရ သတ်ကြရပါတယ်။ အဲဒီအတွက် မွေးမြူသူတွေကို အစိုးရက လျော်ကြေးပေးပါတယ်။ အင်္ဂလန်က နွားတီဘီ ထိန်းချုပ်တဲ့ ကုန်ကျစရိတ်ဆိုတာမှာ လျော်ကြေးပေးရငွေလဲ ပါပါတယ်။

တီဘီရောဂါ (tuberculosis) ရဲ့ သမိုင်းကြောင်းကိုကြည့်ရင် လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်ကတည်းက တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ မှတ်တမ်းတွေမှာ တွေ့နိုင်ပြီး အီဂျစ်မှာတွေ့ရတဲ့ နှစ် ၂၄၀၀ နဲ့ ၃၄၀၀ အကြားက မာမီရုပ်အလောင်းတွေရဲ့ ပုံပျက်နေတဲ့ အရိုးတွေဟာ တီဘီရောဂါကြောင့်ဆိုတဲ့ အထောက်အထားတွေရှိပါတယ်။ တီဘီ ရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို ၁၈၈၂ ခုနှစ်မှာ ဂျာမန်သမားတော် အဏုဇီဝဗေဒပညာရှင် Robert Koch က ဖော်ထုတ်ပေးခဲ့တာ။ တုတ်ချောင်းပုံရှိတဲ့ ဒီဘက်တီးရီးယားရဲ့ ဆဲလ်အကာပိုင်းမှာ mycolic acid ပါရှိနေတာကို အကြောင်းပြုပြီး Mycobacterium ဆိုတဲ့အမည်ကို ၁၈၉၆ ခုနှစ်မှာ K. B. Lehmann နဲ့ R. Neumann တို့က အမည်ပေးခဲ့ကြတယ်။ Mycobacterium tuberculosis က လူတွေကို တီဘီရောဂါဖြစ်စေတဲ့ပိုးပါ။

နွားတွေကို တီဘီရောဂါ ဖြစ်စေတာက Mycobacterium bovis ဆိုတဲ့ နောက်ဘက်တီးရီးယား မျိုးစိတ်တစ်ခု။ လူတွေကို တီဘီရောဂါကာကွယ်ပေးဖို့ အသုံးပြုနေတဲ့ BCG ကာကွယ်ဆေးဆိုတာ Albert Calmette နဲ့ Jean-Marie Camille Guerin တို့ နွားတီဘီပိုး (Mycobacterium bovis) ကို အခြေခံပြီး ၁၉၂၁ ခုနှစ်က စထုတ်လာခဲ့တာပါ။

တီဘီရောဂါ ရှိ မရှိ အရေပြားကို ဆေးထိုးစစ်ဆေးတဲ့နည်း tuberculin skin test (TST) ကို ၁၉၀၇-၁၉၀၈ မှာ Clemens von Pirquet နဲ့ Charles Mantoux တို့က ဖော်ထုတ်ပေးခဲ့တာလို့ဆိုတယ်။

အဆုတ်တီဘီ ကို ရင်ဘတ်ပိုင်း ဓာတ်မှန်ရိုက်ပြီး စစ်နိုင်သလို သလိပ်မှာ တီဘီပိုးပါမပါ တိုက်ရိုက်စစ်ဆေးတာ ပိုးမွေးပြီးစစ်ဆေးတာတွေ လုပ်လို့ရပါတယ်။ တီဘီက အဆုတ်မှာတင်မက အူ အရိုး အရေပြား ဦးဏှောက် စတဲ့ တခြားနေရာတွေမှာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါပုံစံတွေအတွက် ဓာတ်မှန်ရိုက် သလိပ်စစ်ပြီး ကြည့်လို့မရနိုင်။ အရေပြားမှာကို ဆေးထိုးစစ်တဲ့နည်း (TST) နဲ့တော့ စစ်နိုင်ပါတယ်။ အခုအချိန်မှာ TST သာမက interferon-gamma release assays (IGRAs) ဆိုတဲ့ သွေးကိုစစ်တဲ့နည်းနဲ့ ခန္ဓာကိုယ်ထဲ့မှာ တီဘီပိုး ရှိမရှိကို စစ်ဆေးလို့ ရနိုင်ပါပြီ။ (19 June 2024 Nature Outlook မှာ Sarah DeWeerdt ရေးတဲ့ ''Could rats and dogs detect disease better than the finest lab equipment?'' ဆိုတဲ့ ဆောင်းပါးမှာ တီဘီ နဲ့ ကင်ဆာ ရောဂါတွေကို ဒီတိရစ္ဆာန်တွေက အနံ့ခံပေးပြီး ပိုတိကျတဲ့အဖြေ ပေးနိုင်တယ်လို့ ရေးထားတာတောင် ဖတ်လိုက်ရတယ်။)

အခုကျနော်ပြန်စဥ်းစားမိတာက၊ ၁၉၆၉ ခုနှစ်မှာ သင်ခဲ့ရတဲ့ The Livestock Importation Act, 1898 (သူ့ကို ဖျက်သိမ်းလိုက်တဲ့ ၁၉၉၃ အထိ နောက်ကျောင်းသားတွေကျက်ခဲ့ရတဲ့) ဥပဒေ မှာ သင်္ဘောနဲ့တင်သွင်းလာတဲ့ တိရစ္ဆာန်မှာ တီဘီ စစ်ဆေးတွေ့ရှိရင် သတ်ရမယ်လို့ဆိုထားတယ်။ တီဘီရောဂါ ရှိမရှိ စစ်နိုင်တဲ့ TST နည်းက ၁၉၀၇-၁၉၀၈ မှာမှ စပြီးဖော်ထုတ်ခဲ့တာဆိုတော့ ဥပဒေကိုစပြီးကျင့်သုံးသူတွေ ဘယ်လိုများစစ်ဖို့ လုပ်ခဲ့ကြမယ်ဆိုတာပါ။

08/07/2024

တရားထိုင်လို့ မဂ်ကျရင် ရောဂါတွေ ပျောက်သွားသလား

''တရားထိုင်လို့ မဂ်ကျရင် ရောဂါတွေပျောက်တယ်၊ အားလုံးပျောက်ရမယ် လို့ လူတွေထင်ကြတဲ့ အပေါ် ဆရာရဲ့အမြင်လေးး ရေးပေးလို့ရသလား'' လို့ Messenger နဲ့ ပြောလာတာရှိလို့ ကျွန်တော့အမြင်ကို နဲနဲ ပြောကြည့်ပါမယ်။

တရားထိုင်တယ် ဆိုတာ နည်းလမ်း အမျိုးမျိုးရှိပေမဲ့ အားလုံးက စိတ်ကို လေ့ကျင့်ပေးတာပါ။ သာမန်လူတွေရဲ့ စိတ်က လောဘ ဒေါသ မောဟ ဆိုတဲ့ ကိလေသာ တွေကြောင့် အများအားဖြင့် ညစ်ထေးနေတတ်တယ်။ တရားထိုင်တာကြောင့် စိတ်တွေ တဖြည်းဖြည်း ​ကြည်လင် သန့်ရှင်းလာပြီး ကာယ စိတ္တ ကောင်းကျိုးချမ်းသာတွေ ဖြစ်လာကြတယ်။ ဒါကြောင့် မဂ် ဖိုလ် ဆိုတာကို မသိ နားမလည်ပေမဲ့ meditation ဆိုတဲ့ တရားအလုပ်ကို ကမ္ဘာတစ်ဝန်းက လူသားတွေ လုပ်နေကြတာပါ။

တရားထိုင်လို့ မဂ်ကျတယ် ဆိုတာ ပုထုဇဥ်တစ်ဦး တရားထိုင် (ဝိပဿနာ တရားအားထုတ်) လိုက်တဲ့ အတွက် အရိယာ ဖြစ်သွားစေတဲ့ ပထမမဂ် (သောတာပတ္တိမဂ်) ကျသွားတာကို ဆိုလိုတယ်လို့ထင်ပါတယ်။

မဟာစည်ဆရာတော် ရဲ့ ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ၊ ၂၂-ဉာဏဒဿနဝိသုဒ္ဓိကို အကျယ်ပြန်ဆိုချက်၊ ပထမမဂ်ဉာဏ်ကို ပြဆိုချက် မှာ၊ ''ဤမဂ်သည် လောဘ တုံး စသည်တို့ကို ဖောက်ခွဲခြင်းကိုသာလျှင် သက်သက်ပြုသည် မဟုတ်သေး၊ စင်စစ်သော်ကား (အနမတဂ္ဂ) အစမထင်သော သံသရာဝဋ် ဆင်းရဲဟူသော သမုဒြာကိုလည်း ခြောက်ခန်းစေသေး၏။ အလုံးစုံသောအပါယ်တံခါးတို့ကိုလည်း ပိတ်သေး၏၊ ခုနစ်ပါးသော အရိယာ ဥစ္စာတို့၏ မျက်မှောက်ဖြစ်ခြင်းကို (၄င်းတို့ကိုရခြင်းကို) လည်း ပြုသေး၏၊ အင်္ဂါရှစ်ပါးရှိသော မိစ္ဆာမဂ်ခေါ် လမ်းမှားကိုလည်း ပယ်သေး၏၊ အလုံးစုံသော ဘေးရန်တို့ကိုလည်း ငြိမ်းစေသေး၏၊ မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ် အဖြစ်သို့လည်း ရောက်စေသေး၏၊ ထိုမှတပါး အရာမက များစွာကုန်သော အကျိုးအာနိသင်တို့ကို ရခြင်းငှါ လည်း ဖြစ်သေး၏။ ဤသို့လျှင် များစွာသော အကျိုးအာနိသင်တို့ကို ပေးတတ်သော သောတာပတ္တိမဂ်နှင့် ယှဥ်သော ဉာဏ်သည် သောတာပတ္တိမဂ်ဉာဏ် မည်၏။'' လို့ ဖော်ပြထားပါတယ်။

သောတာပတ္တိမဂ် က ဝိသုဒ္ဓိမဂ် မှာ ပြောထားသလို များစွာသော အကျိုးအာနိသင် တွေကို ရနိုင်တယ်လို့ ဆိုထားတဲ့အတွက် တရားထိုင်တဲ့ ယောဂီမှာ ခံစားနေရတဲ့ ရောဂါတွေ သက်သာပျောက်ကင်း စေဖို့ကိုလဲ ဖြစ်စေနိုင်စရာ ရှိတယ် လို့ မြင်မိပါတယ်။ ဒါပေမဲ့ အားလုံးပျောက်ရမယ် ဆိုတာတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။

ရောဂါတွေကို ကံ စိတ် ဥတု အာဟာရ တွေကြောင့် ဖြစ်တာလို့ ဆိုတယ်။ သိပ္ပံပညာ ရှုဒေါင့်မှာလဲ ကံကြောင့် စိတ်ကြောင့် ဥတု ကြောင့် အာဟာရ ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကံ က အတိတ်ကံ ပစ္စုပ္ပန်ကံ တွေနဲ့ ဆိုင်ပါလိမ့်မယ်။ မွေးရာပါ ချွတ်ယွင်းချက်တွေ ရောဂါတွေ ရှိလာတာ၊ DNA မှာ ရောဂါဖြစ်စေနိုင်တဲ့ genes တွေပါနေတာ ဒါမှမဟုတ် ကျန်းမာရေးအတွက် အရေးပါတဲ့ တချို့ genes ပါမနေတာ တွေက အတိတ်ကံနဲ့ ဆိုင်ပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ မှားယွင်းတဲ့အလုပ်တွေ လုပ်မိလို့ မတော်တဆထိခိုက်မှုတွေနဲ့ ကြုံရလို့ ဖြစ်လာတဲ့ ရောဂါတွေက ပစ္စုပ္ပန်ကံ နဲ့ ဆိုင်တာဖြစ်လိမ့်မယ်။

စိတ်ကြောင့် (စိတ်ဖိစီးမှုတွေ) လည်း စိတ်ရောဂါ နဲ့ ခန္ဓာကိုယ်ကိုထိခိုက်တဲ့ ရောဂါတွေ ဖြစ်စေတယ်။ ယနေ့ခေတ် ပညာသင်ကြား ကျောင်းသား အရွယ်ကစပြီး စားဝတ်နေရေး ကိစ္စတွေ အတွက် ရုန်းကန်လုပ်ကိုင် နေကြသူတွေ သက်ကြီးရွယ်အိုပိုင်းကို ရောက်လာပြီး ကျန်းမာ အသက်ရှင်နေနိုင်ရေး တွက်ဆနေရသူတွေ နဲ့ ကိုယ့်ခန္ဓာဝန်ကို ကိုယ်တိုင် မသယ်ဆောင်နိုင် တော့တဲ့ အချိန်အထိ တစ်ဦးခြင်းမှာ ပုံစံအမျိုးမျိုးနဲ့ စိတ်ဖိစီးမှုတွေ ရှိနေကြတယ်။ စိတ်ဖိစီးမှု များရင် စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ psychosomatic diseases တွေအထိ ဖြစ်လာစေနိုင်တယ်။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းစေလို့ မူလကတည်းက ရှိနေတဲ့ ရောဂါတွေကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။

ဥတုကြောင့် ဆိုတာမှာ အပူ အအေး ဓာတ်တွေဖောက်ပြန်လို့ ရောဂါဖြစ်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်မှာ ရှိထားတဲ့ အပူ အအေး ထိန်းချုပ်တဲ့ စနစ်တွေကို ဖောက်ပြန်သွားစေတဲ့ နေထိုင် ဝတ်စားမှု တွေ ရောဂါပိုးတွေကလည်း ဒီအပိုင်းမှာ ပါဝင်ပတ်သက် နေပါလိမ့်မယ်။

အာဟာရကြောင့် ဆိုတာမှာ စားသောက်ကြတဲ့ အစားအစား တွေမှာ ချို့တဲ့မှုတွေ မှားယွင်းမှုတွေ မတည့်တဲ့ အစာ အဆိပ်ဖြစ်စေတဲ့ အစာတွေ စားသောက်မိ တာတွေကြောင့် ရောဂါဖြစ်ရတယ် လို့ဆိုတာဖြစ်ပါလိမ့်မယ်။ ကျန်းမာစေဖို့အတွက် အဲဒီ ဝါးစားရ မျိုချရတဲ့ ရုပ် အာဟာရ (ကဗဠီကာဟာရ) တွေ အပြင် နာမ်အာဟာရ ဖြစ်တဲ့ အာရုံ ၆ ပါးမှာ ကောင်းတဲ့ ချမ်းသာတဲ့ ထိတွေ့မှု အာဟာရ (ဖဿာဟာရ) စေတနာ စေတသိက် အာဟာရ (မနောသဉ္စေတနာဟာရ) နဲ့ စိတ် အာဟာရ (ဝိညာဏာဟာရ) တွေလဲ အရေးပါ ပါတယ်။

တရားရိပ်သာ တွေမှာ ယောဂီတွေ နေထိုင်ရ တရားအားထုတ်ရတဲ့ အဆောင်တွေ ဓမ္မာရုံတွေ ကိ ဥတု ကောင်းဖြစ်စေဖို့ နဲ့ အစားအစာတွေကို အာဟာရ ပြည့်စုံဖို့ အတွက် ဖြည့်ဆည်း စီမံထားကြပါတယ်။ စိတ်ဖိစီးမှုတွေ ရှိတဲ့ ပတ်ဝန်းကျင်က ခွဲခွာလာခဲ့ပြီးမှ ရိပ်သာကို ရောက်လာကြတာ ဖြစ်လို့ စိတ်ကြောင့် ဖြစ်တဲ့ ရောဂါဝေဒနာ တိုးလာစေမှာ မဟုတ်ပါ။ ကံကြောင့်ဖြစ်တဲ့ ရောဂါရှိနေရင်ပေမဲ့ တရားအားမထုတ်နိုင်တဲ့ အခြေအနေ မဟုတ် တရားအားထုတ် နိုင်တယ် ဆိုရင်လဲ ကံကြောင့်ဖြစ်တဲ့ ရောဂါထပ်တိုးလာစရာ မရှိနိုင်ဘူးလို့ တွက်ဆ နိုင်ပါတယ်။

နိုင်ငံတကာမှာ တရားအားထုတ်တယ် meditation လုပ်တယ် ဆိုတာတွေမှာ ရောဂါပျောက်ခြင်လို့ စိတ်ဖိစီးမှုတွေ သက်သာချင်လို့ စတဲ့ရည်ရွယ်ချက်တွေ လုပ်ကြတာများပါတယ်။ တရားအားထုတ်သူတွေမှာ အမျိုးမျိုးသော ရောဂါတွေ စိတ်ဝေဒနာ တွေ သက်သာစေတာကို သိပ္ပံပညာရှင်တွေပါ စစ်ဆေး လက်ခံနေကြပါတယ်။ ပြီးခဲ့တဲ့ ၃ ရက် (၄၊ ၇၊ ၂၀၂၄) က ''ဝိပဿနာ ဘာဝနာ နှင့် ကိုယ် စိတ် ကျန်းမာရေး'' ခေါင်းစဥ်တပ်ပြီး ကျွန်တော် တင်ခဲ့တဲ့ Facebook ပို့စ်မှာ တော်တော်လေး ရှင်းပြထားတာ တွေ့ရမှာပါ။

ယနေ့ နိုင်ငံတကာမှာ နာမည်ကြီး တရားပြဆရာ စာရင်းဝင်တဲ့ S. N. Goenka က သူ့မှာ နှစ်ချီပြီး ခံစားခဲ့ရတဲ့ migrine ခေါင်းကိုက်ရောဂါဟာ ဆရာကြီးဦးဘခင် ဆီမှာ တရားထိုင်ပြီး ပျောက်သွားခဲ့တယ်။ သူ့ကို ဦးဘခင်က ရောဂါပျောက်ချင်တယ် ဆိုရင် မလာနဲ့ တရားရချင်တယ် ဆိုမှလာပါ ဆိုလို့ ရောဂါပျောက်ပျောက် မပျောက်ပျောက် တရားအားထုတ်ချင်ပါတယ်လို့ ပြောပြီး တရားထိုင်ဖြစ်ခဲ့ကြောင်း ကို သူရဲ့ ''The Art of Living: VIPASSANA MEDITATION'' စာအုပ်မှာ ရေးပြထားတာတွေ့ရတယ်။

Dhamma Lulin ရဲ့ YouTube မှာတင်ထားတဲ့ ''တော်ကူး ဆရာတော်ဘုရားကြီးနှင့် ထူးဆန်းစွာ ရောဂါပျောက်ခြင်းများ အကြောင်း'' video ကိုဖွင့်ကြည့်လိုက်ရင် တရားအားထုတ်လို့ ရောဂါအမျိုးမျိုး ပျောက်သွားသူတွေအကြောင်း တစ်နာရီ နဲ့ မိနစ် ၄၀ ကျော် ပြောပြထားတာကို တွေ့ ရပါလိမ့်မယ်။ ဒေါက်တာမင်းတင်မွန် ရေးသားထားတဲ့ ''ဝိပဿနာဂုဏ်ထူးဆောင် ထူးခြားသောတော်ကူးဆရာတော်နှင့် ထူးဆန်းစွာရောဂါပျောက်ကင်းခြင်း'' ဆိုတဲ့စာအုပ်ထဲက ထုတ်နှုတ် တင်ဆက်ထားတဲ့ အဲဒီ ဗွီဒီယို မှာ အမျိုးသား အမျိုးသမီး ရဟန်း သီလရှင်တွေ ကျောင်းသားအရွယ်က စပြီး သက်ကြီးရွယ်အိုတွေ အထိ မှာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောဂါအမျိုးမျိုး နဲ့ စိတ်ရောဂါ ဝေဒနာ တွေ ပျောက်ကင်းသွားပုံ အမျိုမျိုးအကြောင်း ရှင်းလင်းပြောပြထားပေမဲ့ သူတို့ တရားရသွားသလား (မဂ်ကျသွားသလား) မရခဲ့ကြလား ဆိုတာကိုတော့ ပြောပြမသွားပါဘူး။

ဝိပဿနာ တရားအလုပ်ရဲ့ ဦးတည်ချက်က ဒုက္ခမှ လွတ်မြောက်ဖို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ရဖို့ပါ။ လိုချင်တာ ဆိုတဲ့ လောဘ စတဲ့ ကိလေသာတွေကို လျှော့ချဖို့ပါ။ လိုချင်တဲ့ လောဘ စတဲ့ ကိလေသာတွေကို နည်းအောင် လုပ်ရတာပါ။ တရားအားထုတ်သူမှာ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပြီး ဉာဏ်စဥ်အဆင့်ဆင့် မြင့်တက်လာမှ မဂ် ကျတယ် ဖိုလ်ဝင်တယ် ဆိုတဲ့ အဆင့်ကို ရလာနိုင်တာပါ။ အဲဒီလို တရားအားထုတ်ချိန်မှာ ရောဂါပျောက်တယ် ဆိုတာက တရားအလုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ် တစ်ခုသာ ဖြစ်ပါတယ်။

ကျေးဇူးရှင် ပဲခူး အောင်သုခ ဆရာတော်ကြီးက တရားအားထုတ်တာမှာ ရောဂါပျောက်တဲ့ဉာဏ် ၂ ခုရှိတယ်လို့ မိန့်ကြားဖူးပါတယ် မဂ်မကျခင် အချိန်တွေမှာတင် ရောဂါပျောက်စေတဲ့ အကျိုး ဖြစ်ပေါ်လာနိုင်တာပါ။

တရားရပြီးပြီ မဂ်ကျပြီးပြီ ဆိုပေမဲ့ ဖောက်ပြန်တတ်တဲ့ ရုပ်ခန္ဓာကြီး ရှိနေသရွေ့ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါ ဝေဒနာတွေ လုံးဝပျောက်သွားမယ် ထပ်မဖြစ်ပေါ်တော့ဘူး လို့ ယူဆလို့ ရမှာမဟုတ်ပါ။ ရောဂါမပျောက်လို့ မဂ်မကျသေးဘူး တရားမရသေးဘူး လို့လဲ မပြောနိုင်ပါဘူး။ မဂ်ကျတာ နဲ့ ရောဂါပျောက်တာ သီးခြား ကိစ္စတွေပါ။

ဘုရားရှင် ပြီးရင် တရားအရာမှာ အဆင့်အမြင့်ဆုံး လို့ဆိုတဲ့ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင် သွေးဝမ်းသွန်တဲ့ ရောဂါဖြစ်ပြီး ပရိနိဗ္ဗာန်ပြု ​ခဲ့တယ်၊ ဘုရားရှင် ကိုယ်တော်တိုင် သွေးဝမ်းသွားပြီး ပရိနိဗ္ဗာန်ပြုခဲ့တယ် ဆိုတာတွေကို ကြည့်ပြီး ဆင်ခြင် သုံးသပ်လို့ ရနိုင်ပါတယ်။

တရား ရတယ် မရဘူး ဆိုတာ ဘေးလူသိနိုင်တဲ့ အရာမျိုး မဟုတ်ပါ။ တရားအားထုတ်သူ ကိုယ်တိုင် သိနိုင်ကြောင်းကိုတော့ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဓမ္မဒါသ (တရားကြေးမုံ) သုတ္တန်တရား မှာ တွေ့နိုင်ပါတယ်။

ဝိပဿနာ တရားကို ကိုယ်တိုင်အားထုတ်ပြီး ကိုယ်တိုင်သိသွားသူများ ဖြစ်ကြပါစေ။

Address

111, Sabae Road, Htanbingone, Sawbwagyigone, Insein
Yangon
11013

Alerts

Be the first to know and let us send you an email when Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category