11/11/2021
“ ကိုယ့်ခွေးလေးကို မဟောင်ဘဲ နေတတ်အောင် ဘယ်လို လေ့ကျင့်ပေးကြမလဲ “
-----------------------
(၁) ခွေးလေးက တခုခုကို ဟောင်နေတဲ့အခါ သွားမအော်ပါနဲ့
ကိုယ့်ခွေးလေးကို မဟောင်ဘဲ နေတတ်အောင် လေ့ကျင့်ပေးတော့မယ်ဆိုရင် တတ်နိုင်သမျှ အချိန်စောလေ ကောင်းလေပါပဲ။ အလေ့အကျင့် ဖြစ်သွားမှဆိုရင် သင်ပေးဖို့ ပိုပြီး ခက်ခဲတတ်ပါတယ်။ အဲဒီအတွက် အဓိက ကျတဲ့ သော့ချက်တခုက ခွေးလေးဟောင်နေတဲ့အခါ ဘယ်လိုမျိုး အသိအမှတ်ပြုခြင်းမျိုးကိုမှ မလုပ်ဆောင်မိဖို့ပါပဲ။
သူ ဟောင်တာကို သွားပြီး ကြိမ်းမောင်းတာပဲဖြစ်ဖြစ်၊ တခုခု ပြောတာပဲ ဖြစ်ဖြစ် လုပ်လိုက်တဲ့အခါ ကိုယ် အာရုံစိုက်နေမှန်း သူ သိသွားပါတယ်။ တခါတရံကျရင် သူ ဟောင်လို့ ကိုယ်လည်း လိုက်ဟောင်တယ်လို့တောင် ထင်မှတ်သွားတတ်ပါသေးတယ်။ ဒီလို အတွေးဝင်သွားပြီဆိုရင်တော့ နောင်မှာလည်း ကိုယ့်ရဲ့ အာရုံစိုက်မှုကို ခံရဖို့ ခွေးလေးက စိတ်မထင်ရင် မထင်သလို ဟောင်နေတော့မှာပါ။
(၂) ဟောင်နေတာကို လျစ်လျူရှုထားပါ။
ဟောင်နေတဲ့ ခွေးလေးကို မဟောင်ဖို့ သွားအော်နေတာထက် လျစ်လျူရှုထားဖို့သာ ပိုပြီး အာရုံစိုက်လိုက်ပါ။ သူ ဟောင်နေတာကို ကိုယ့်ဆီကနေ ဘယ်လို တုံ့ပြန်မှုမျိုး၊ အာရုံစိုက်မှုမျိုးမှ မရမှန်း သိသွားရင် ခွေးလေးက နောက်တခါ ထပ်ဟောင်မှာ မဟုတ်တော့ပါဘူး။ ဒီလိုနည်းနဲ့ ဟောင်တဲ့အလေ့အကျင့် ဖြစ်မသွားအောင် ကာကွယ်နိုင်ပါတယ်။
(၃) အာရုံလွှဲပေးပါ။
တကယ်လို့ ကိုယ် လျစ်လျူရှုထားရဲ့သားနဲ့ ဟောင်နေတာက ရပ်မသွားသေးဘူးဆိုရင် ခွေးလေးရဲ့ အာရုံပြောင်းသွားအောင် တခုခုတော့ လုပ်ဆောင်ရပါတော့မယ်။ ဟောင်နေတာကို မသိသလို မကြားသလို ဆက်လက် ဟန်ဆောင်နေပြီး ကြမ်းပေါ်ကို တခုခု ပစ်ချလိုက်ပါ။ ဒါမှမဟုတ် ခွေးလေး စိတ်ဝင်စားနေကျ ဗူးခွံတခုခု ဖွင့်လိုက်တာမျိုးကို သူ့ကို မကြည့်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်လိုက်ပါ။ ကိုယ်လုပ်နေတာကို သူ စိတ်ဝင်စားလာပြီး ဟောင်တာရပ်သွားပါလိမ့်မယ်။
(၄) ကောင်းတာတခုခုနဲ့ အစားထိုးပေးပါ။
ဟောင်နေတာရပ်ပြီး စပ်စုဖို့ ကိုယ့်အနားကို ကပ်လာပြီဆိုရင် အရင်က သင်ထားပေးဖူးတဲ့ အမိန့်တခုခုပေးပြီး လုပ်ဆောင်ခိုင်းပါ။ ဥပမာ “ထိုင်” လို့ အမိန့်ပေးပြီး ထိုင်ခိုင်းလိုက်တာမျိုးပေါ့။ တကယ်လို့ သူက လိမ်လိမ်မာမာနဲ့ အမိန့်ကို နာခံတယ်ဆိုရင် ချက်ချင်း ဆုချလိုက်ပါ။ ဒီလိုနည်းနဲ့ ဟောင်တတ်တဲ့ အလေ့အကျင့် မရှိအောင်လည်း လုပ်နိုင်ပြီး အမိန့်နာခံတတ်အောင်လည်း သင်ပြီးသား ဖြစ်သွားပါတယ်။
ဒီအတွက် ပထမဆုံးတော့ နေတတ်ထိုင်တတ်အောင် အခြေခံလေးတွေ လေ့ကျင့်ပေးထားရမှာပါ။ အခြေခံလေးတွေ ပိုင်နိုင်နေပြီဆိုရင် ဟောင်တဲ့အလေ့အကျင့်ကို ဖျောက်ဖို့ မခဲယဉ်းတော့ပါဘူး။ ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ အမိန့်လေးတွေကို ခွေးလေးက နာခံတတ်အောင် တတ်နိုင်သမျှ သင်ကြားပေးထားပါ။
(၅) အိမ်ပြင်မှာ ဟောင်နေရင် အိမ်ထဲ ပို့လိုက်ပါ။
တကယ်လို့ အိမ်ပြင်မှာ နေပြီး ဖြတ်သွားသမျှကို လိုက်ဟောင်နေတယ်ဆိုရင် အိမ်ထဲကို ခေါ်သွင်းလိုက်ပါတော့။ ဖြတ်သွားဖြစ်လာတစ်ယောက်ကို ဟောင်နေရင် ပြီးအောင်စောင့်ပြီး လည်ပင်းကြိုးတပ်ထားလိုက်ပါ။ နောက်တယောက်ကို ထပ်ဟောင်ရင်တော့ ပြီးအောင် မစောင့်တော့ဘဲ ချက်ချင်း ကြိုးဆွဲပြီး အိမ်ထဲ သွင်းလိုက်ရပါမယ်။ ဒီလိုနည်းနဲ့ ဟောင်ရင် အိမ်ပြင်မှာ သာယာနေတဲ့ ဘဝလေး အဆုံးသတ်သွားရမယ်ဆိုတာ ခွေးလေး သဘောပေါက်သွားပါလိမ့်မယ်။
(၆) လေ့ကျင့်ခန်းတွေ အများကြီး လုပ်ပေးပါ။
ဟောင်တယ်ဆိုတာ ခွေးလေးတွေက သူတို့ရဲ့ စိတ်ဆန္ဒကို ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပျင်းရိငြီးငွေ့နေတဲ့အခါ လုပ်စရာမရှိလို့ ဟောင်တတ်ကြပါတယ်။ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ခိုင်းပြီး ခွေးလေးကို အဖော်ပြုပေးခြင်းအားဖြင့် ပျင်းချိန် မရှိတော့ဘဲ ဟောင်တာလည်း နည်းပါးသွားပါလိမ့်မယ်။ နေ့စဉ် တကြိမ်ကို (၁၅) မိနစ်နဲ့ အနည်းဆုံး နှစ်ကြိမ်တော့ ခွေးလေးကို သီးသန့် အချိန်ပေးပါ။ အပြင်ထွက်ပြီး ပစ္စည်းကောက်ခိုင်းတဲ့ ကစားနည်းမျိုး ကစားပေးပါ။ အကောင်ကြီးရင် တနာရီလောက်အထိ ဆော့ကစား ပေးရပါမယ်။
တကယ်လို့ ဒီလောက် အချိန်ပေးပြီး ဆော့နေတာတောင် ပျင်းပြီး ဟောင်ဖို့ သတိရသေးတယ်ဆိုရင် ကစားချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါဦး။
အကြောင်းအရင်းကို ရှာဖွေခြင်း
-------------------------------
(၁) အရင်ဆုံး မေးမြန်းစုံစမ်းပါ။
ဟောင်နေတာကို ရပ်တန့်သွားစေမယ့် ပထမဆုံး နည်းလမ်းကတော့ ဘာကြောင့် ဟောင်နေသလဲဆိုတာ သိဖို့ပါ။ တကယ်လို့ သူ ဟောင်နေတဲ့အချိန်မှာ ကိုယ်က အနားမှာ ရှိမနေဘူးဆိုရင် နည်းနည်းတော့ ခန့်မှန်းတွက်ချက်ကြည့်ရပါမယ်။
အိမ်နီးချင်းတွေကိုလည်း ခွေးလေး ဟောင်နေတာကို သတိထားမိပါသလားလို့ လိုက်မေးကြည့်ပါ။ တခါတရံမှာ ကိုယ် သတိမထားမိတာတွေကို အိမ်နီးချင်းတွေက သတိပြုမိတတ်ပါတယ်။ တကယ်လို့ အဲဒီအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြရင်တောင် ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့နဲ့ တိုင်ပင်ဆွေးနွေးလိုက်တာကြောင့် ကိုယ့်အပေါ် အမြင်ကြည်လင်သွားပါလိမ့်မယ်။
(၂) ဘာကြောင့် ဟောင်နေရသလဲဆိုတာ အဖြေရှာပါ။
ကိုယ်ကိုယ်တိုင်ကော ပတ်ဝန်းကျင်မှာပါ မေးမြန်းစူးစမ်းပြီးသွားပြီဆိုရင် အကြောင်းအရင်း အတိအကျကို ဆန်းစစ်ပါတော့မယ်။ အဓိက အကြောင်းအရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
တခုခုလိုချင်လို့ – အီးပါချင်တာပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ ရေငတ်လို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံစိုက်မှုကို ခံရအောင် ဟောင်တတ်ကြပါတယ်။
စိတ်ပျက်လာလို့၊ ပျင်းလာလို့ – တနေရာတည်းမှာ အချိန်အကြာကြီး နေရတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် စိတ်ညစ်လာပြီး အပျင်းပြေအောင် ဟောင်တတ်ပါသေးတယ်။
ကြောက်လို့ – လူတစ်ယောက်ယောက် ဒါမှမဟုတ် တခုခုကို ကြောက်လန့်တဲ့အခါမှာလည်း ဟောင်တတ်ပါသေးတယ်၊ နားရွက်တွေ၊ အမြီးတွေ ကုပ်နေတာကို ကြည့်ပြီး ခွေးလေး ကြောက်နေမှန်း သိနိုင်ပါတယ်။
ပိုင်နက်ကို စောင့်ရှောက်ဖို့ – ခွေးလေးရဲ့ ကိုယ်ပိုင်နယ်မြေကို တစ်ယောက်ယောက်က ကျူးကျော်လာတဲ့အခါ ကာကွယ်ဖို့ ဟောင်တတ်ကြပါတယ်။ နားရွက်တွေကော အမြီးတွေပါ ထောင်ပြီး ရန်လိုနေတာကို တွေ့မြင်ကြရပါလိမ့်မယ်။
စိတ်လှုပ်ရှားလို့ – သူ အရမ်းကို စိတ်အားတတ်ကြွနေကြောင်း ကိုယ့်ကို ပြချင်တဲ့အခါမှာ ခွေးလေးတွေက ဟောင်ပြတတ်ကြပါတယ်။
ကျန်းမာရေး မကောင်းလို့ – နားထိုင်းတာ၊ ကိုက်ခဲနာကျင်နေတာ ဒါမှမဟုတ် စိတ်ဓါတ်ကျနေတာ လိုမျိုး ကျန်းမာရေး ပြဿနာတခုခု ရှိနေတဲ့အခါ ဟောင်ပြီး ညည်းညူတတ်ကြပါတယ်။
(၃) ဆေးခန်းသွားပြပါ။
တကယ်လို့များ ကျန်းမာရေး ပြဿနာ တခုခုကြောင့် ဟောင်နေတယ်လို့ သံသယရှိရင် အမြန်ဆုံး ဆေးခန်းသွားပြလိုက်ပါ။ အသက်ကြီးလာတဲ့ ခွေးလေးတွေမှာ မှတ်ဉာဏ်လျော့နည်းခြင်း ရောဂါတမျိုးကြောင့် ဟောင်နေတတ်ပါတယ်။ အဲဒါကို သက်သာအောင် ဆေးခန်းက ကုသပေးပါလိမ့်မယ်။
နေပျော်အောင် ထားပေးခြင်း
(၁) ကိုယ်လက်လှုပ်ရှားခွင့် လုံလုံလောက်လောက်ပေးပါ။
ခွေးလေးတွေရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစေဖို့အတွက် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်အောင် လမ်းလျှောက်ထွက်ပေးပါ။ တတ်နိုင်သမျှ ပန်းခြံတွေ၊ ကွင်းပြင်ကျယ်ကြီးတွေကို ခေါ်သွားပေးပြီး ခွေးလေးကို လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားစေပါ။
(၂) ဂရုစိုက်ပေးပါ။
ခွေးလေးတွေက အဖွဲ့နဲ့နေတတ်တဲ့ သတ္တဝါလေးတွေပါ။ ဒါကြောင့် အိမ်မှာ ရှိတဲ့ လူတွေနဲ့ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် နေရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အလုပ်ကနေ အိမ်ကို ပြန်လာတိုင်း သူ့ကို နှုတ်ဆက်ပြီး အနီးမှာ အဖော်ပြုပေးခိုင်းပါ။ ကိုယ် အိမ်မှာ ရှိနေရက်သားနဲ့ အပြင်ထုတ်ထားတာမျိုး၊ တကောင်တည်း ပစ်ထားတာမျိုး လုံးဝ မလုပ်ပါနဲ့။ ဒီလိုမျိုး အထီးကျန်လာရတဲ့အခါ ခွေးလေးက စိတ်သောကရောက်ပြီး အပြုအမူတွေ ကြမ်းတမ်းလာတတ်ပါတယ်။
(၃) တသမတ်တည်း ဖြစ်ပါစေ။
လူတွေရဲ့ ခုတမျိုး တော်ကြာတမျိုးတွေကြောင့် ခွေးလေးတွေ အတော်လေး စိတ်ရှုပ်ရတတ်ပါတယ်။ တခါတလေ ဟောင်ရင် ကိုယ်က အော်ပြီး တခါတရံမှာတော့ ဟောင်သံကို မကြားသလို ဟန်ဆောင်နေတဲ့အခါ ဟောင်တယ်ဆိုတာက ကောင်းလား၊ ဆိုးလားလို့ ခွေးလေးက မဆုံးဖြတ်တတ်တော့ပါဘူး။
ခွေးလေးတွေကို ဘာပဲ သင်ပေးသင်ပေး ကိုယ့်ဘက်က တသမတ်တည်း ဖြစ်နေစေဖို့ မရှိမဖြစ် လိုအပ်လှပါတယ်။ ဒါမှသာ ကိုယ်က ဘာကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ခွေးလေးက အလွယ်တကူ သဘောပေါက်သွားမှာပါ။
ဒီလောက်ဆိုရင် ကိုယ့်ခွေးလေးကို မဟောင်ဘဲ နေတတ်အောင် ဘယ်လိုမျိုး လေ့ကျင့်ပေးရမလဲဆိုတာ သဘောပေါက်သွားလောက်ပါပြီနော်။ နောက်ကျရင်လည်း ခွေးလေးကို နေတတ်ထိုင်တတ်အောင် လေ့ကျင့်ပေးခြင်းနဲ့ ပတ်သက်ပြီး နည်းလမ်းလေးတွေ မျှဝေပေးဦးမှာမို့ ဆက်လက် အားပေးကြပါဦး။