07/04/2022
အင်းခွေးလောကမှာ .....
လန်ဘား တဲ့၊ ကောင်းထက် တဲ့။
ဒီလောကထဲ ဝင်ရင် ဒီအမည်တွေ
နားနဲ့ မဆံ့အောင် ကြားရလိမ့်မယ်။
အင်းခွေးကို စိတ်ဝင်စားလို့ မေးမိရင်ကို
လန်ဘားသား၊သမီး လန်ဘားမျိုး၊
လန်ဘားနဲ့ စပ်ထားတာ
ဒီအတိုင်းပြောကြတယ်။
ခက်တာက အဲ့လန်ဘားတို့
ကောင်းထက်တို့ဆိုတာ
ဘယ်လိုကောင်တွေလဲ?
ဆက်သွယ်လို့ရလား? မေးလို့ရလား?
ဘယ်နားရှိလဲ? သွားလိုရလား?
ကြည့်လို့ရလား? ဘယ်ရွာလဲ?
ဘယ်လိုသွားရလဲ?
ဆိုတာနဲ့ လမ်းစပျောက်ပြီပဲ။
တစ်ချို့က ပြောပေးကြတယ်။
တစ်ချို့က ဘာအသံမှထွက်မလာ
တော့လောက်အောင် ဆွံ့အသွားကြတယ်။
လိုက်ပြလိုက်ပို့ဖို့ဆိုတာ အဝေးကြီး။
အခုလို ဆောင်းကုန်နွေဦးဆို
လမ်းပေါက်လို့ ကားဆိုင်ကယ်နဲ့သွား၊
မိုးတွင်းဆို ရေလမ်းရလို့ မော်တော်နဲ့
သွားလာရတာ။ ကြားကာလဆို
ရေတတန် ကုန်းတတန်သွားရတဲ့
အရပ်ဒေသမျိုး။
လမ်းမပေါက်ရင် လယ်ကန်သင်းရိုး
ပေါ်ကနေ ခြေလျင်လျှောက်ရတော့
တော်ရုံသွားဖို့ဆိုတာ အတော်မလွယ်
တဲ့ကိစ္စ။
အင်းခွေးလေးရဖို့ အကောင်း၊ အသန့်
အချောလေးဖြစ်ဖို့ အဲ့လောက်ခက်လားလို့
မေးရင် အဲ့ထက်ကိုမှ အများကြီးခက်ခဲ
ပါသေးတယ်။ ခွေးလေးတွေရနိုင်ပေမယ့်
မျိုးရိုး (အဖေ၊အမေ) မူလပိုင်ရှင် ဇစ်မြှစ်
မသိပဲ ပုံကြည့်ဝယ်ဖို့က ဝယ်ယူသူ
ကာယကံရှင်ကိုယ်တိုင် စဉ်းစား
ဆုံးဖြတ်ရမယ့်ကိစ္စပါ။
အဲ့တော့ အလွယ်တကူနဲ့ အမြန်ဆုံး
ဝယ်မယ်ဆို ပဲခူးမြို့ပေါ်မှာ ထူးပြည့်စုံ
ရှိတယ်၊ သူ့ဆီမှာလည်း ခွေးသန့်မျိုးကောင်း
တာတွေ ရတတ်တယ်။ ဟိုတလောက
ခွေးလေးချောလို့ မျိုးရိုးလေးမေးဖူးတယ်။
ထူးပြည့်စုံကိုတော့ မဟုတ်ပါ၊ သူနဲ့ လူချင်း
မသိလို့။
ပထမ ဦးသိန်းတန်(ကမာစဲ)ကိုမေးတော့
လိုင်း(Facebook) မသုံးတော့ မသိဘူးတဲ့၊
လူကိုတော့ ရင်းနှီးပါတယ်ပြောတယ်။
ဒုတိယ ကိုလေးမောင်(အုန္နဲ)ကိုမေးတော့
ပုံကြည့်ပြောမရဘူး၊ မျိုးရိုးလေး
မေးပြီး စိတ်တိုင်းကျရင် ကောင်းတယ်၊
အဲ့ခွေးအကြောင်းတော့ မသိဘူးတဲ့။
နောက် ကိုလွှမ်းမိုး(အောင်ကောင်းညွှန့်)ကို
မေးကြည့်တော့မှ သူနဲ့ စည်သူ(ကမာစဲ)
ယူမလို့ ထူးပြည့်စုံ အရင်ရသွားတာ၊
မျိုးရိုးကောင်းတယ်လို့ ပြောတယ်။
ဒါဆိုကြုံရင်တော့ ကြည့်ဦးမယ်ဆိုပြီး
မှတ်ထားလိုက်တယ်။ မကြာပါဘူး
၃ ရက်လောက်ကြ ရောင်းထွက်သွားလို့
ထူးပြည့်စုံကို တိုက်ရိုက် မမေးလိုက်ရတော့
ဘူး။
နောက် ပဲခူးမှာ ကိုအောင်ကျော် ရှိတယ်၊
သူ့ဆီကြိုမှာထားရင် စိတ်တိုင်းကျ ရွေး
ယူလို့ရတယ်။ သူ့ဆီရှိတဲ့ ခွေးကြီးတွေပါ လေ့လာလို့ရသေးတယ်။
ဒါအလွယ်ကူဆုံးနဲ့ အမြန်ဆုံးရှာဖွေ
လေ့လာစုံစမ်းနိုင်တာတွေ။
ပဲခူးကျော်ပြီးသွားရင်တော့
ကမာစဲမှာ စည်သူရှိတယ်။ သူကတော့
တစ်ချိန်လုံးကွင်းဘက်ပတ်မွှေနေတာ၊
သိရသလောက် အဲ့လိုသွားနိုင်တာ
စည်သူ တစ်ယောက်ပဲ ရှိတယ်။
သူ့ဆီတော့ ခွေးစုံ၊ ဆိုဒ်စုံ၊ ဈေးစုံ
သတင်းပလင်း အစုံရှိတယ်။ စည်သူ
မရှိရင်တောင်အင်းခွေးပေါက် ဆိုဒ်စုံ
ကြိုက်တာရွေးလို့ရအောင် သူ့အိမ်မှာ
စုထားတာ။
လူခေါ်ပြီး ကွင်းတွေဘက်လျှောက်ကြည့်
ချင်သေးရင် ကမာစဲမှာ ဦးသိန်းတန်
ရှိတယ်၊သူနဲ့ရသလောက်ပတ်ကြည့်ရင်
အနီးအနားတော့ နေ့ချင်း သွားနိုင်တယ်။
အင်းခွေး ရာဇဝင်တွေအများကြီး
ရှင်းပြပေးသေးတယ်။
အဲ့ဘက်ကနေကျော်သွားရင် အုန္နဲမှာ
ကိုလေးမောင်ရှိတယ်၊ လမ်းဆုံမီးပွိုင့်နားပဲ
သူအားလို့လိုက်ပို့ရင် အနီးနား ကိုယ်တိုင်
လေ့လာဝယ်လို့ရတယ်။ အခု သူ့ဆီမှာ
ပါကျဲဆိုတာရှိတယ်၊ ချစ်စရာကြီး၊
ကျွန်တော်သူ့ဆီ ပထမဆုံး ရောက်တော့
အဲ့ကောင်ငယ်ငယ်ပဲ ရှိသေးတာ၊
သူနဲ့တစ်အုပ်ထဲ အမ တစ်ကောင်
ယူဖို့လုပ်သေးတယ်၊ လက်ပံတန်းဘက်
ကနေ၊ အဲ့တုန်းက ကျွန်တော်သွားယူဖို့
အဆင်မပြေတာနဲ့ ကြည့်ကိုမကြည့်
လိုက်ရဘူး။
နောက် ကိုလေးမောင်လိုက်ပို့ပေးလို့
ဦးအောင်သန်းကြည်ဆီရောက်ပြီး
အာနိုးတို့အုပ်စုကို တွေ့ဖူးတာ။
အင်းခွေးကို မျိုးရိုးလိုက်ရင်
အာနိုးနဲ့လန်ဘားမှာ လမ်းဆုံးလိမ့်မယ်။
အာနိုးနဲ့ လန်ဘား တို့က ပဲခူး၊ကမာစဲ
တခွင်မှာ မျိုးနဲ့ရိုးနဲ့ နေကြတာ။
ရှေ့အဆက်ဆက်တော့ ရှိပါဦးမယ်၊
မျက်မြင်ကိုယ်တွေ့အရဆို ဒီမျိုးရိုး
နှစ်ခုကို လက်ညိုးထိုးပြရမယ်။
လက်ရှိအတော်များများက သူတို့နှစ်ကောင်
ရဲ့မျိုးဆက်တွေများတယ်။
ကဲ လန်ဘားအကြောင်းဆက်ကြဦးစို့။
အင်းခွေးစမွေးဖို့ ကြိုးစားကတည်းက
လန်ဘားရှိတဲ့ ကသစ်ဝိုင်ဘက် အရောက်
သွားဖို့စိတ်ကူးခဲ့တာ။ အကြောင်းအမျိုးမျိုး
ကြောင့် မရောက်ဖြစ်ခဲ့ဘူး။
မောင်ကောင်း(ကောင်းထက်)နဲ့ အဆက်
အသွယ်ရတော့မှ သိချင်တာတွေမေးရင်း
ပြောရင်းနဲ့ ရင်းနှီးသွားတာ။ လာခဲ့ဦးမယ်
ပြောရင်းပြောရင်းနဲ့ ပဲခူးဘက် ခဏခဏ
ရောက်ပေမယ့် အဲ့ဘက်ခြေဦး
မလှည့်နိုင်ခဲ့ဘူး။
မောင်ကောင်း(ကောင်းထက်)ညွှန်းလို့
ကိုအောင်ကျော့်ဆီ ရောက်သွားတာ။
သိရသလောက်က ပဲခူးမြို့ပေါ်ဘက်မှာ
အင်းခွေးကို မွေးဖောက်ရောင်းသူက
ရှားတာကို၊ မေးတော့လည်း သေခြာ
မရှင်းပြတတ်ကြဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကမာစဲမှာရှိတဲ့
မိတ်ဆွေဆီ အင်းခွေးအကြောင်း
လှမ်းမေးတော့ သားပေါက်ချိန်ကုန်လို့
နောက်နှစ်မှရတော့မယ်ဆိုပြီးတောင်
ပြောတယ်။ အင်းခွေးနဲ့ မနီးစပ်တာလည်း
ပါပါတယ်။
ဒီလိုတွေရှိကြတော့ မထူးဘူး
ဒီတစ်ခါတော့ ကောင်းထက်တို့ဆီ
ရောက်အောင်သွားမယ်ဆိုပြီး
တေးထားတာ။
နောက် ကိုမျိုးထက် ရဲ့ ကျားဗိုလ်
သားပေါက်တွေရတော့ ချယ်ရီဆိုတဲ့
အမလေး တစ်ကောင်ယူလိုက်တယ်။
အမှန်သဘောကျတာက
ကျားဗိုလ်+မိချော အုပ်က အထီးနဲ့
အမလေးယူဖို့၊ အဲ့တာကို
အထီးက ကောင်းထက်အတွက်ရယ်
အမလေးက ကိုမျိုးထက်သားအကြီး
ယူထားလို့ မရတော့ဘူး။
ဒါနဲ့ပဲ ကျားဗိုလ်+အိချောပို အုပ်က
ချယ်ရီကို ယူလိုက်ရတာ။
နောက် မိလန်းဆိုတဲ့ အမနဲ့ ကျားဗိုလ်
ပေါက်တာရှိသေးတယ်၊ အဖတ်မတင်
ဘူးလို့ ကိုမျိုးထက်ပြောတယ်။
တစ်ရက်... ကောင်းထက်တင်တဲ့
ခွေးပေါက်လေးတွေတွေ့လို့ လာဦးမယ်
ကွာ၊ မင်းစိတ်ကြိုက်တွေ့ရင် ယူထားဦး
ဆိုပြီး အမလေးတစ်ကောင် ကြိုမှာထား
တယ်။
သွားဖို့အကြောင်းဖန်လာတော့
မိတ္ထီလာ ကိုမျိုးထက်ကြီးဆီခဏဝင်၊
ပဲခူးဘက်သွားရင်း အခန့်သင့်ရင်
ကောင်းထက်နဲ့ ကိုမျိုးဆွေ(ပဒုမ္မာကြီး)
တို့ဘက်ဝင်မယ်ဆိုတော့၊ ကိုမျိုးထက်က
ကျားဗိုလ်သားလေး ကောင်းထက်အတွက်
ထည့်ပေးလိုက်တယ်။
မိုးချုပ်ချုပ်နဲ့မောင်းတာ ဘုရားကြီးကို
ည ၁ နာရီရောက်တယ်၊ အမှန်ခဏအိပ်ဖို့
ဗိုက်ဆာတာနဲ့ လ္ဘက်ရည်သောက်၊ မုန့်စား
လိုက်တာ အိပ်မရတော့ဘူး။ ဒါနဲ့မထူးဘူး
ဆိုပြီး မောင်းလိုက်တာ ကမာစဲကို ည
၂ နာရီခွဲရောက်တော့တာပဲ။
အဲ့တာနဲ့ ဦးသိန်းတန်ကြီးနိုးပြီး လက်
ဆောင်ပေး၊ သူက လိုက်ပို့ပေးမယ်
ဆိုပြီးလုပ်တာ၊ မနက်စောစော အားနာ
တာနဲ့ ကိုယ့်ဟာကိုယ်ပဲသွားတော့မယ်။
မရရင် ပြန်လာခဲ့မယ်ဆိုပြီး ထွက်ခဲ့တာ။
အဲ့အချိန် မောင်ကောင်းကလည်း
ဖုန်းမကိုင်၊ ကိုမျိုးဆွေဆီဆက်တော့
ရစ်ကန်ဘူတာကျော် ဌာဝပေါက်
ဆိုတာရှိတယ် အဲ့နားဝင်ရမှာတဲ့။
ရှာလိုက်ရတာ ကမာစဲကနေထွက်
ဘယ်ကြည့်ညာကြည့်နဲ့ တစ်ပေါက်မှ
မတွေ့ဘူး။ ထင်တဲ့ဟာဝင်ဆက်သွား
မရ၊ အဲ့နားတင် ရွာလည်နေတာ
တစ်နာရီနီးပါးပဲ နောက်တော့
ကိုမျိုးဆွေနဲ့ ကိုကြည်လွင်တို့ လာခေါ်မှပဲ
လမ်းမှန်ရောက်တော့တယ်။
သူတို့နောက်ကလိုက်တော့မှ
ကိုမျိုးဆွေတို့ရွာ ကဇင်းကို မနက် ၄ နာရီ
ကျော်ကျော်ရောက်တာ။ မဟုတ်ရင်
ရွာလည်နေတာနဲ့ မိုးလင်းမယ်ထင်တာပဲ။
ထိုင်စကားပြောလိုက်တာ မိုးစင်စင်လင်း
ကောင်းထက်ရောက်တဲ့အထိပဲ။
ကိုမျိုးဆွေဆီမှာ အင်း အမနှစ်ကောင်
ရှိတယ်။ တစ်ကောင်က ပိုးထိသွားတာ
ဇီးကြီးနဲ့ သနားစရာကောင်းတယ်။
အမွှေစိန်ဆိုတဲ့ အမလေးပဲ ကျန်တယ်။
သူကတော့ သားမကျဘူး။ ကောင်းထက်
ရောက်တော့ ထီလာကပါတဲ့ ကျားဗိုလ်
သားကိုအပ်ပြီး
"ကျားဗိုလ်သားပေါက်ပေးတဲ့
ကိုမျိုးထက်လည်း တာဝန်ကျေပြီ၊
သယ်ယူလာပေးတဲ့ ငါလည်းတာဝန်
ကျေပြီ၊ မျိုးဆက်ထိန်းဖို့က မင်းတာဝန်
ပဲ ကောင်းထက်ရေ" လို့။
ခဏကြတော့ မနက်စာစား
ကမာစဲဘက်ပြန်ပြီး ကသစ်ဝိုင်ဘက်
ခရီးဆက်ကြတယ်။ ထီလာကပါတဲ့
ကျားဗိုလ်သားတော့ ခရီးပန်းလို့
ကိုမျိုးဆွေတဲမှာ ထားခဲ့ကြတယ်။
ဟိုကွေ့ဒီပတ်နဲ့ နောက်ဆုံး
ကသစ်ဝိုင်(ရွာသစ်) ကောင်းထက်တဲ
ရောက်တာပဲ။ ကိုယ့်ဟာကိုယ်ဆိုရင်
တော့ တိုင်ပတ်လမ်းပျောက်နေရုံပဲ။
ကိုမျိုးထက်တော့ ပြောပါတယ်၊ ညရောက်
လို့အဆင်မပြေရင် စည်သူဆီသာ
အိပ်လိုက်လို့၊ ရောက်မှ မထူးတော့လို့သာ
ဆက်ပြီးခရီးနှင်ရတာ။ တော်သေး
ကားလမ်းသင့်လို့ မဟုတ်ရင် ဆိုင်ကယ်
နဲ့ ဒိုးရမှာ။
ရောက်ရောက်ချင်း ကြည့်ရတာက
လန်ဘားကြီးပါပဲ။ နေမကောင်းပျောက်
စဆိုတော့ ငူငူငိုင်ငိုင်တော့ ဖြစ်သေးတယ်၊
လန်ဘားအသက်က ကောင်းထက်အပေါ်
မူတည်တယ်ပြောရမယ်။ ဆက်သွယ်ရ
ခက်၊ သွားရခက်၊ ဆေးဝါးခက်ခဲတဲ့
နေရာမှာ လန်ဘားကိုပြုစုထိန်းသိမ်း
ကုသပုံက ဩချလောက်တယ်။
ကောင်းထက်ကြောင့် လန်ဘားဒီအချိန်
ထိအသက်ရှင်တာဆို ပိုမှန်လိမ့်မယ်။
ဒါလန်ဘားအပေါ်ထားတဲ့
ကောင်းထက်ရဲ့ စေတနာနဲ့ မေတ္တာတရား။
ခွေးမွေးတဲ့လူတိုင်းရဲ့ ခွေးအပေါ်ထားတဲ့
သခင့် ချစ်ချင်းမေတ္တာ...
အတိုင်းသား မြင်ရတယ်။
ဒီခံစားချက်ကို ခွေးချစ်တဲ့
လူတိုင်းသိတယ်။
သူမအားလို့ စားစရာမကျွေးနိုင်ရင်
ဘဲခြံထဲလွတ်ပြီး ဘဲဥတွေစိတ်ကြိုက်
စားစေတာ၊ တစ်နေ့ကို
အလုံး ၂၀၊ ၂၅ စားတယ်တဲ့။
နောက် လယ်ထဲ၊ အခင်းထဲဆင်းပြီး
သူ့ဟာသူလည်း ကြွက်ဖမ်းစားတတ်
သေးတယ်။ ဒါကလည်း ကွင်းဘက်၊
တဲဘက်မှာ ပေါက်တဲ့ အင်းခွေးတွေရဲ့
သဘာဝပဲ၊ မွေးထားတဲ့ ကြက်၊ဘဲ၊ဆိတ်
နွား သေးသေးကြီးကြီးတွေကို ဘာမှ
မလုပ်တဲ့အပြင် ကြည့်ရှုစောင့်ရှောက်
တတ်သေးတယ်။ ဒါလန်ဘားဘက်က
တုန့်ပြန်မှု၊ သခင်နဲ့ မိသားစုအပေါ်
ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်
လိုအပ်လို့ သေသေကြေကြေ
သူတို့ပဲခံမယ့် ဗီဇက
အင်းခွေးတွေရဲ့ ဉာဥ်၊ မွေးကတည်းက
သန္ဓေတည်ပြီးသား။
လန်ဘားအနေအထားက
သဘောတော့ အတော်ကောင်းပုံရတယ်၊
သူ့လူတွေရှိလို့လဲပါတယ်၊ အေးဆေး
အကပ်ခံတယ်။ နောက်သူ့သား ဖိုးအေး
ရှိသေးတယ်၊ သူလည်းအေးဆေးပဲ။
နည်းနည်းဟောင်တာက လွဲလို့။ မရတာက
သားကျထားတဲ့ အမလေးပဲ၊ သူကတော့
အသံကြားတာနဲ့ သောင်းကျန်းနေတော့
တာ။ ကောင်းထက်ဟန့်လိုက်မှ ငြိမ်တော့
တယ်။
အင်းခွေးဆိုတာကလည်း သခင့်အမိန့်
တစ်ခုတော့ မြေဝယ်မကျနားထောင်
တယ်။ သခင်ကွယ်ရင် မထင်သလိုလုပ်
တတ်တာ။ ကျားဗိုလ်ဆို သူ့သခင်
ကိုမျိုးထက်ရယ်၊ ကောင်းထက်ရယ်
ဒီနှစ်ယောက်ပဲ ကောင်းကောင်းကိုင်လို့
ရတာ။ ရန်လုပ်နေရင်တောင် ကိုမျိုးထက်
အသံကြားရင်ငြိမ်သွားရော။ ဒါမျိုး။
လန်ဘားကတော့ သွေးအေးတယ်။
သူ့ဟာသူအေးဆေးနေတာ။ အနားသွား
ကြည့်၊ ဓါတ်ပုံရိုက်၊ပတ်ကြည့်
လုပ်လို့ရတယ်။ ကောင်းထက် ကလေး
တွေဆို ဂုတ်တက်စီး၊ နားရွက်ဆွဲ၊ အမြှီး
ဆွဲလုပ်တာ၊ အေးဆေးပဲ၊ ကလေးချစ်
တတ်တယ်။
ခဏနေတော့ စည်သူရောက်လာတယ်၊
ခွေးပေါက်လေးတွေဖမ်းရင်း ရောက်လာ
တာ၊ စည်သူကို အညာသားလို့ သူတို့ခေါ်
ကြတယ်။ ထိုင်စကားပြောရင်း
"စည်သူရေ အခြေအနေဘယ်လိုလဲ
လုပ်ရကိုင်ရတာ" ဆိုတော့
"ကျွန်တော် အင်းခွေးလောကထဲ
ဝင်လိုက်တာ ကားနှစ်စီးတော့
ပြုတ်သွားပြီတဲ့၊ ဝါသနာအရတော့
ဆက်သွားနေတုန်းပဲ" ပြောရှာတယ်။
"ကားပြုတ်သွားပေမယ့် မြေကွက်
တွေတော့ ရှိသေးတယ်မို့လား၊ ဟိုနေ့က
မြေဖို့နေတာ တွေ့လို့"
"ခွေးစာခြောက်လေးရောင်းရမလား
ဆိုင်လေးလုပ်မလို့" ဆိုပြီးပြောတော့
"ချကွာ၊ ကောင်းတယ်၊ ညီလေး
နေရာစုံရောက်နေတာပဲ၊ ဖြစ်မှာပါလို့"
အားပေးလိုက်တယ်။
တကယ်တော့ စည်သူက ငယ်ငယ်
ရွယ်ရွယ်နဲ့ တစ်နယ်တစ်ကျေးမှာ
ဝါသနာအရ အလုပ်လာလုပ်
တယ်ဆိုပေမယ့် လာနေတာဆို
ပိုမှန်လိမ့်မယ်။ အင်းခွေးဆိုတာလည်း
၁၂ ရာသီလုံး အရောင်းအဝယ်လုပ်လို့
ရတာမဟုတ်။ တော်ရုံဒီလိုလာနေထိုင်
ဖို့ဆိုတာလည်း အတော်မလွယ်တဲ့ကိစ္စ။
ဒီလိုအရပ်ဒေသမျိုးမှာ အခုလိုသွားလာ
နေထိုင်လုပ်ရှားနေတာကိုက ချီးကျူး
စရာကောင်းနေပြီ။
နောက် မိတ္ထီလာက ကျားဗိုလ်ဆိုတာ
လည်း သူ့လက်ကထွက်တာ၊ သူပဲ
ကိုမျိုးထက်ကြီးကို ရောင်းပေးလိုက်တာ၊
ကျွန်တော်ခွေးစရှာတော့လည်း သူလမ်း
ညွှန်ပေးလိုက်တာ၊ ကိုလွှမ်းမိုးတို့ဆီကို။
ဦးသိန်းတန်ကြီးဆီကိုကအစ သူလွှတ်
လိုက်တာ။ အဲ့ဘက်ရောက်ရင် ခဏတိုင်း
ဝင်တာ စည်သူ့ခြံရယ်၊ ဦးသိန်းတန်ဆီ
ရယ်။ သွားတိုင်းလူမရှိတာတော့ စည်သူပဲ
တစ်ချိန်လုံး ရွာဘက်ပတ်နေတာ။
အကိုကြီးပြန်ရင် ဝင်ခဲ့ဦး၊ ဆိုင်မှာ ဧည့်ခံ
မယ်ဆိုပြီး ကျွန်တော့်ကို
ဖိတ်ထားသေးတယ်။
ဒါ စည်သူရဲ့စိတ်နေစိတ်ထား။
နောက်သူပြန်သွားပြီး မကြာဘူး၊
ဆရာ သာဂိရောက်လာတယ်။
သာဂိကိုပြောထားတယ်-
"မင်းရောက်မလာရင် ငါမပြန်ဘူး" ဆိုပြီး။
အမှန် သာဂိက အဝေးကလာရတာ၊
ခရမ်းဘက်က၊ တာရိုးအတိုင်း
ဆိုင်ကယ်စီးရင် အနည်းဆုံး တစ်နာရီ
ကျော်ကြာတယ်။ နောက် သူ့ဦးလေး
မွေ့နေ့ဆွမ်းကပ်ရှိတော့ ၂ ညလောက်
ပင်ပန်းနေတာ၊ ဒေါင်းနေလို့ မလာတော့
ဘူးဆို ခဏကြ ပေါက်ချလာတယ်။
သာဂိက လက်စောင်းထက်တယ်၊
အင်းခွေးနဲ့ပတ်သက်ရင် Crazy၊
သူ့မှာ အင်းအမနှစ်ကောင်ရှိတယ်၊
လာမယ့်နှစ်တော့ သားတင်မယ်ပြောတယ်။
သာဂိကအမြင်မတော်ရင်
ကလော်တော့တာ၊ သူပြောတဲ့
အတိုင်းဆို -
" တစ်ခြားလူ မပြောနဲ့ မောင်ကောင်းတို့
ကိုမျိုးကြီး(ပဒုမ္မာ)တို့ ပေါက်ကရလုပ်
ရင်လည်း ကျွန်တော်ကတော့ ပြောစရာ
ရှိတာပြောမှာပဲ၊ ခင်တာမင်တာက တစ်
ပိုင်း" ဆိုပြီးပြောတတ်တာ။
ဒါနဲ့ "ငါနဲ့ ကိုမျိုးထက်ကြီး ကိုတော့
ချမ်းသာပေးပါကွာလို့ ငါတို့က
ဝါသနာအရ မွေးကြတာ၊ အသက်
တွေလည်း ကြီးနေပါပြီ လို့"
ကျွန်တော်ပြောတော့ ရယ်နေရော။
အဲ့လို ချစ်စရာကောင်းတာ၊ ဒီလူတွေ။
စကားပြောရင်း White Rum သောက်
ကြည့်ဆိုပြီး ကောင်းထက်ချပေးတော့
သူတစ်ယောက်ပဲ၊ Rum ချတာ၊
ကျန်လူတွေအားလုံး ဝိုင်ပဲ သောက်ကြတာ။
အဲ့တာကို တစ်ဝက်မကကုန်တဲ့အထိ
ဘာမှမဖြစ်ဖူး။ သောက်ပုံကလည်း
အရက်ကို ခွက်ထဲထည့်ရေနည်းနည်းစပ်
ဘယ်ဘက်က အရက်ခွက်ကိုင်
ညာဘက်က ရေသန့်ဘူးကို ကိုင်
အရက်ခွက်ကို အရင်အကုန်မော့၊
ပြီးတော့ ရေသန့်ကိုနည်းနည်းသောက်
အဲ့လိုမျိုးကြီး။
သောက်ရင်း ပြောရင်းနဲ့ ကောင်းထက်
အိမ်သူ ချက်ကျွေးတဲ့ နေ့လည်စာစား
ကြတယ်။ လတ်ဆတ်တာရော၊ လက်ရာ
ကောင်းတာရောမို့ စားကောင်းတာ
ပြောဖွယ်ရာမရှိ။
ခဏနားပြီး သားပေါက်တွေကြည့်ဖို့
ရွှေအိုးရွာ၊ မောင်ကောင်းယောက်ဖ တဲ
သွားကြတယ်၊ အဲ့မှာ အထီးလေး
နှစ်ကောင်နဲ့ အမလေးတစ်ကောင်ကို
သဘောကျတာ။ ညနေမှပဲ ယူမယူ
ဆုံးဖြတ်တော့မယ်ဆိုပြီး ပြန်လာလိုက်
ကြတယ်။
ညနေပိုင်းကြမှ လန်းဘားနဲ့ မောင်နှမ
ဂွမ်းဘုံတို့ဘက် သွားကြည့်ကြတယ်။
သူတို့ပြောပါတယ်-
"မိတ္ထီလာက ကျားဗိုလ်ကို
ဒီ လန်ဘားနဲ့ ဂွမ်းဘုံက ပေါက်တယ်
လို့ပြောရင် ယုံမှာတောင်မဟုတ်ဘူးတဲ့"
ဒါတကယ့်အမှန်တရားပဲ။ နောက် သူတို့
က တစ်အုပ်ထဲပေါက်တဲ့ မောင်နှမအရင်း
တွေ။ အဲ့တာကို ကျားဗိုလ်လို ရုပ်ထွက်တာ၊
ဒီနှစ်တော့ ဂွမ်းဘုံသားမရဘူး။
နောက် မောင်ကောင်းတဲပြန်ပြီး ရလာတဲ့
လယ်ကြွက် ချက်တာရယ်၊ ဘဲသားကြော်
ချက်ရယ်နဲ့ ညစာထပ်စား။ အမောင်
သာဂိတစ်ယောက်ပဲ Rum ကိုဖြိုနေတာ၊
အဲ့တာကို စည်သူကလည်း ပြန်လာရင်
သူဧည့်ခံမယ် ဘယ်အချိန်ပြန်ထွက်လာ
မလဲ ဖုန်းဆက်လှမ်းမေးနေရော-
"အေးအေး... ငါတို့ပြန်နေတာ ညနေ
၄ နာရီကတည်းက ခုထိ မောင်ကောင်း
တဲမှာ ည ၉နာရီရှိပြီ၊ အေးဆေးဝင်ခဲ့
မယ်လို့" ပြောရတယ်။
အဲ့တာ စည်သူ့ စေတနာ။
ဒါနဲ့ မပြန်ဖြစ်ပဲ၊ ရွာထဲက မောင်ကောင်း
တို့အိမ် သွားအိပ်ကြတယ်၊ မနက်ကြတော့
စောစောနိုးနေလို့ ရွာထဲလမ်းလျှောက်၊
ရေမိုးချိုးပြီး မောင်ကောင်းညီတွေ
ဧည့်ခံတဲ့ မုန့်နဲ့လ္ဘက်ရည်ရယ်၊
တောမုန့်ဟင်းခါးရယ် စားသောက်
ရသေးတယ်။
ကိုမျိုးဆွေနဲ့ ကိုကြည်လွင်က အလုပ်
လေးရှိလို့ဆိုပြီး ကဇင်းဘက်ပြန်ကြ
တယ်၊ ခဏကြတော့ သာဂိနဲ့
မောင်ကောင်းရောက်လာတယ်၊
မောင်ကောင်းအဖေက ငါးသွားငုတ်ပြီး
ငါးကင်ကျွေးဖို့ မောင်ကောင်းနဲ့ သာဂိ
ကိုခိုင်းတယ်၊
"ရပါတယ် အဘရာလို့၊ နောက်မှ စား
တော့မယ်၊ မနက်ကြီး အေးပါတယ်
မလုပ်ပါနဲ့တော့လို့" ပြောရတယ်။
သာဂိကလည်း သွားငုတ်မယ်ကြီး
လုပ်နေတာ၊ နောက်အေးဆေးလာမှ
စားမယ်ကွာလို့၊ မနည်းပြောရတယ်။
ငါးတွေက ရေတက်ချိန် အင်းထဲကျန်
တဲ့ သဘာဝငါးတွေ၊ စားကောင်းလို့
စားစေချင်လို့ဆိုပြီး ပြောကြတာ။
နောက် မောင်ကောင်းတဲဘက်ပြန်၊
တဲရောက်တော့ ငါးခြောက်ဖုတ်နဲ့
လ္ဖက်ရည်ကြမ်း မြည်းကြရသေးတယ်။
မောင်သာဂိကတော့ လက်ကျန်
White Rum လေးဖြတ်နေလေရဲ့။
ဒါနဲ့ မောင်ကောင်းရေ၊ ဟိုအုပ်ထဲက
အထီးနဲ့အမ တစ်စုံယူမယ် မင်းပဲကြည့်
ရွေးလိုက်တော့ဆိုပြီး။ သူ့ယောက်ဖ တဲ
သွား ကျေးဇူးရှင်နှစ်ကောင်မပြီး
ဘက်ဂီယာထိုးခဲ့တော့တာ။ ကောင်းထက်
ကတော့ ရန်ကုန်က ဧည့်သည်လာစရာ
ရှိလို့ ရစ်ကန်လေးအပေါက်နား စောင့်ရင်း
လိုက်ပို့ပြီး သာဂိနဲ့ ကမာစဲပြန်လာတော့
တာ။
ကမာစဲ စည်သူ့ခြံရောက်တော့
အမောင်စည်သူက မရှိဘူး၊ သူ့တပည့်
ကိုမေးတော့ ကဇင်းဘက်သွားတယ်တဲ့၊
ဒါနဲ့ သာဂိရေ ငါလစ်တော့မယ်လို့
နှုတ်ဆက်ပြီး သာဂိနဲ့လမ်းခွဲကြတယ်။
နောက် ဦးသိန်းတန်အိမ်ဝင် နှုတ်ဆက်၊
အုန္နဲဘက်သွားပြီး ကိုလေးမောင်နဲ့
ခဏစကားပြော၊ ပြီးတော့ ပြန်ထွက်
လာတော့တာပဲ။ ၃၉ မိုင် ရွှေပုလ္လင်ဆိုင်
ရောက်တော့ ခဏနား၊ ကျေးဇူးရှင်
နှစ်ကောင်ထုတ်တုန်းရှိသေးတယ်၊
ရန်ကုန်က အကိုတွေအုပ်စုက ချစ်လို့
ဆိုပြီး အထီးလေးယူပြီး ဓါတ်ပုံတွေ
ရိုက်ကြတာ၊ ဒီလိုမျိုးအင်းခွေးက
တော်ရုံမရနိုင်တော့ဘူးဆိုပြီး ပြောရှာ
ပါတယ်။ အဲ့တာပြီးတော့ခရီးဆက်ဖို့
ပြင်ရတာ။
ကျေးဇူးရှင်များကားမူးတတ်လို့
မှန်အကုန်ချပြီးမောင်းရတယ်။
ဒီလိုနဲ့ ခရီးဆက်တာ ည ၇ နာရီ
လောက် မိတ္ထီလာ ကိုမျိုးထက်ကြီးဆီဝင်၊
ကောင်းထက်တို့ပေးတဲ့လက်ဆောင်
တွေပေး၊ ညစာစားပြီး ပြန်တာ
ပြင်ဦးလွင်ကို ည ၁၁ ကျော်လောက်
ရောက်တာပဲ။ အအေးပိုနေတဲ့အပြင်
အကြီး ၃ ကောင်ကပါ ရန်လုပ်နေလို့
မနည်းထိန်းပြီး သပ်သပ်ခွဲသိပ်ရတယ်။
ဒါတောင်သွားချင်တဲ့ဘက် ရှိသေးတယ်
အုန္နဲဟိုဘက် သက္ကလ၊ခရမ်း၊သုံးခွကနေ
သန်လျင်-ရန်ကုန်ဘက်ကူးချင်တာ။
ဒါမှမဟုတ် ရန်ကုန်-သန်လျင်ဘက်ကနေ
လာပြီး မိုးကျလို့ မော်တော်နဲ့ ကွင်းဘက်
ပတ်ဦးမယ်ပေါ့။ ခရမ်းမှာ မောင်သာဂိကို
နှိပ်စက်ဖို့ ကျန်သေးတယ်၊ နောက်
ကိုလွှမ်းမိုးတို့ဘက် မမောက်၊
အောင်ကောင်းညွှန့်ဘက် သွားချင်တာ၊
သူ့ဆီ ဒီနှစ် ခွေးတွေ
အများကြီးမွေးထားတယ် ဆိုလို့၊
စက်လှေစီး လမ်းလျှောက်လာခဲ့ဦးမယ်
ကိုလွှမ်းမိုးရေ။ အမ ချက်ကျွေးတဲ့
တောဟင်းတွေ ဦးသိန်းတန်နဲ့
လာစားဦးမယ်။
ကဲ ဒီနှစ်တော့ ကျေနပ်ပြီ မောင်ကောင်းရေ၊
ကိုမျိုးထက်ဆီက အမလေး တစ်ကောင်၊
ကိုအောင်ကျော့်ဆီက အထီးအမ တစ်စုံ၊
မင်းဆီက အထီးအမ တစ်စုံ၊ ၅ ကောင်
ရထားပြီ။ ဒါတောင် ကျန်ခဲ့တဲ့
မင့်ယောက်ဖ တဲက အထီးရယ်၊ မင်းဆီက
အမလေးရယ်ကို ယူချင်တုန်း။
ထိန်းမနိုင်မှာစိုးလို့ ထားခဲ့ရတာကွ။
လောလောဆယ် အကြီးကြီး
၂ ကောင်နဲ့ဆို အင်းကြီးပဲ ၇ ကောင်ရှိပြီ။
ကျန်းမာရေးလည်း ဂရုစိုက်ကွာ၊
မင်းနဲ့ငါက နှလုံးဖြစ်တာတူတယ်၊
ဒီစာရေးရင်း မနက်စောစော ၅ နာရီ
ကျော်မှာ ငါတောင်နှလုံးအောင့်လို့
ကိုမျိုးဆွေဝယ်ပေးတဲ့ ဘုန်းကြီးရဲ့
နှလုံးဆေးကို ရေနွေးနဲ့ သောက်ရသေး
တယ်။ အဲ့ဆေးလေး မင်းလည်းသောက်ဦး။
အဲ့တာသောက်ပြီး သက်သာတယ်ကွ။
၃၊၄ လပိုင်းမင်းတို့ဘက် အလုပ်ပါးရင်
မိသားစုလိုက် မိတ္ထီလာ၊ ပြင်ဦးလွင်
လာလည်ဖို့လုပ်ဦး။ ကိုမျိုးဆွေ၊
ကိုကြည်လွင် နဲ့ မောင်သာဂိပါ အပါ
ခေါ်ခဲ့။ အညာသားပါရင် ပိုတောင်
ကောင်းသေးတယ်။
ကိုမျိုးထက်ကြီးနဲ့ ငါ မျှော်နေမယ်။
မိတ္ထီလာအထက် မန္တလေး၊ပြင်ဦးလွင်
ငါ တာဝန်ယူတယ်ဟေ့။
ဧည့်ဝတ်ကျေပါရစေကွာ။
ပြင်ဦးလွင် (၂၉ - ၁ - ၂၀၂၁)
#အင်းခွေး
#မြန်မာ့အင်း