
24/08/2025
တိုင်းရင်းကြက်မွေးမြူရေးမိတ်ဆက်
---------------------------------------
ကျေးလက်ဒေသမွေးမြူရေးတွင် “ဝက်” ကို စုဗူး သဘောမျိုး ရည်မှန်းမွေးကြ သော်လည်း ကြက်မွေးမြူရေးကိုမူ ဟင်းစားသဘောလောက်သာ မွေးမြူကြသည်။ အိမ်သို့ ဧည့်သည်လာပါက အလွယ်တကူရနိုင်သော ဟင်းလျာအဖြစ်သာ အသုံးတော်ခံလေ့ရှိ သည်။
မွေးမြူသည့် စနစ်မှာလည်း လွယ်ကူ ရှင်းလင်းလှပါသည်။ ကြက်အိပ်တန်းများမှာ သစ်ပင်များဖြစ်ပါသည်။ ဝပ်ကြက်မကိုသာ တဲပေါ် (သို့မဟုတ်) စပါးကျီ၊ အမိုးအောက် တန်း နေရာတို့တွင် ရရာပစ္စည်းများနှင့် ဝပ်ကျင်းပြုလုပ်ပေးလေ့ ရှိပါသည်။
ဤတွင် မေးစရာမေးခွန်းတစ်ခုမှာ တိုင်းရင်းကြက်မွေးမြူရေးကို ဝက်မွေးမြူရေး ကဲ့သို့ စုဗူးသဘောမျိုး အဘယ်ကြောင့် မွေးမြူခြင်း မပြုကြပါသနည်း ဆိုသည်ပင် ဖြစ် သည်။ ဤအဖြေမှာ ရှင်းပါသည်။
ရာသီအပြောင်းအလဲများတွင် ဖြစ်ပွားတတ်သော ကြက်နာရောဂါကြောင့် ရွာလုံးကျွတ်နီးပါး ကြက်များ သေဆုံးကုန်တတ်ခြင်းကြောင့် ဖြစ်ပါသည်။ ကိုယ်ခံအား ကောင်းသော မသေ၍ ကျန်သည့်ကြက်မှာ နောက်ရာသီအစတွင် စာရင်းဖွင့် ကောင်ရေ အဖြစ် အစပျိုးပြန်ပါသည်။
ရာသီအဆုံးတွင် ကြက်နာကြောင့် သေဆုံးကုန်ပြန်သဖြင့် စာရင်းပိတ်ကောင်ရေ သည် မသေ၍ ကျန်ရစ်သောကောင်ရေ ဖြစ်လာပြန်သည်။ ဤသို့အားဖြင့် ကျေးလက် ကြက်မွေးမြူရေးသည် တိုးပွားမှု ဆတိုးတက်မလာဘဲ ဒုံရင်းသဘောမျှသာ သံသရာလည် နေသဖြင့် ဝက်မွေးမြူရေးကဲ့သို့ စုဗူးပုံစံမျိုး သဘောထား၍ မမွေးမြူကြခြင်းဖြစ်ပါသည်။
ဤအခြေခံသဘောတရားများကို ပြောင်းပြန် လှန်ပစ်နိုင်ပါက ကျေးလက်ကြက် မွေးမြူရေးကို စုဗူးစနစ်မွေးမြူရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေး (Small holding) အဆင့်မှ အသေးစားမွေးမြူရေး (Small Scale) အထိ တက်လှမ်းနိုင်အောင် စီမံဆောင်ရွက် ပေးခြင်း ဖြင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ရာ လက်ရှိ မွေးမြူနေသော လွှတ်ကျောင်း စနစ်ကိုပင်အခြေခံ၍ ကျွေးမွေး ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရောဂါကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုစနစ်တကျ ဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်လာပါသည်။
တိုင်းရင်းကြက်မွေးမြူရေးတွင် အထိအနာဆုံးနှင့် ခြံလုံးကျွတ်သေဆုံးနိုင်သော ရောဂါမှာ ဒေသအခေါ် အိပ်တန်းကျနာ (သို့မဟုတ်) “ကြက်နာ” သို့မဟုတ် သိပ္ပံအခေါ် “ကြက်လည်လိမ်ရောဂါ” ပင် ဖြစ်ပါသည်။ ဗိုင်းရပ်စ် ရောဂါပိုးဖြစ်သဖြင့် ကုသဆေး လုံးဝ မရှိပါ။ ကာကွယ်ဆေး (Vaccine) ကိုသာ အသုံးပြုရပါသည်။
ကူးစက်ရောဂါများမှာ အထူးသဖြင့် “ကြက်ကိုယ်ခံအား” စနစ် ကျဆင်းနေသည့် အချိန်တွင် အများဆုံး ကူးစက်ပြန့်ပွားလာခြင်း ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမှာ သက်ဆိုင်ရာ ရောဂါဖြစ်စေသည့် ရောဂါပိုးအမျိုးအစားကို အသုံးပြု၍ ဓာတ်ခွဲခန်းတွင် ဖော်စပ် အသုံးပြုခြင်း ဖြစ်ပါသည်။
ကာကွယ်ဆေးသည် ပဋိလှုံ့ပစ္စည်း အဖြစ် ကြက်ခန္ဓာ ကိုယ်သို့ ဝင်ရောက်ပြီး ရောဂါဒဏ်ခံနိုင်သော၊ ရောဂါပိုးကို ပြန်လည်တိုက်ခိုက်နိုင်သော ပဋိပစ္စည်း (Antibody) များ ထွက်ပေါ်လာစေရန် လှုံ့ဆော်ပေးခြင်းဖြင့် သတ်မှတ်သော “ကာကွယ်ဆေး သက်တမ်း” အတွင်းတွင် ကြက်များ ရောဂါမကျရောက်စေရန် ပြုလုပ်ပေးခြင်း ဖြစ်ပေ သည်။ အထူးသဖြင့် ကြက်များ၏ ကိုယ်ခံအားစနစ် အမြဲတမ်း ကောင်းနေလျှင် ကူးစက် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသည်။
ဗိုင်းရပ်စ်ရောဂါကဲ့သို့ ကုသဆေး မရှိသော ရောဂါအမျိုးအစားအတွက် ကိုယ်ခံအား စနစ်သည် အလွန်အရေးကြီးပါသည်။ ကိုယ်ခံအား စနစ် ကောင်းနေလျှင် မွေးမြူထားသော ကြက်အုပ်များအတွင်း ရောဂါအလွယ်တကူ မဝင်ရောက်နိုင်ပါ။
ကိုယ်ခံအားစနစ် ကောင်းရန်အတွက် ကြက်၏ကျန်းမာရေးသည် အဓိကကျပါ သည်။ မွေးမြူထားသော ကြက်အုပ်အတွက် အစာကောင်း၊ ရေကောင်း၊ ပတ်ဝန်းကျင် ကောင်း၊ ရာသီဥတုကောင်းများ ရှိရပါမည်။
ဖိစီးမှု့ဒဏ် (Stress) ကင်းစင်ဖို့လည်း လိုပါသည်။ ဥစားကြက်/ အသားစားကြက် များ အားလုံးအတွက် ဖိစီးမှုဖြစ်စေသည့် နှုတ်သီးဖြတ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း/ တိုက် ကျွေးခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ (ခရီးရှည် မောင်းနှင်ခြင်း) ရေပြတ်ခြင်း၊ အာဟာရ ပြည့်စုံစွာမစားရခြင်း၊ အစာသန့်ရှင်း လတ်ဆတ်မှုမရှိခြင်း၊ အထိတ်တလန့်ဖြစ်ခြင်း၊ စသည့်အချက်များကို အထူးဂရုပြုရန်လိုပါသည်။ ဤသို့ဒဏ်သင့်မှုဖြစ်လျှင် ကြက်များ သည် အစာစားနှုန်း လျော့နည်းလာခြင်း၊ သေနှုန်း တက်လာခြင်းများ ဖြစ်တတ်ပါသည်။
တိုင်းရင်းကြက်များကို စနစ်တကျ ဂရုတစိုက် ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်မှု့ အားနည်းခြင်းသည် တိုင်းရင်းကြက်မွေးမြူရေးစနစ်၏ အားနည်းချက်တစ်ရပ်ပင် ဖြစ်ပြီး ၎င်းတို့ကို လေ့လာသုံးသပ်ကြည့်လျှင် -
ကြက်ခြံ/ကြက်တဲ ဆောက်လုပ်ပေးလေ့ မရှိသဖြင့်၊ ခွေး၊ ကြောင်၊ ငှက် စသည့် တိရစ္ဆာန်များ၏ ရန်ပြုမှုကို ခံရခြင်း၊ ခိုးယူခံရခြင်း၊ ရာသီဥတုဒဏ် ခံရခြင်းတို့ကို ဖြစ်စေ သည်။
ဥကျင်း(တင်း)များ စနစ်တကျမထားသဖြင့် ဥများ ဆုံးရှုံးရခြင်း၊ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် ခက်ခဲခြင်း၊ ကာကွယ်ကုသဆေးထိုးရန် ဖမ်းဆီး ထိန်းသိမ်းရ ခက်ခဲခြင်းတို့ကိုလည်း ကြုံတွေ့ရသည်။
သန့်ရှင်းသော ရေ၊ အစာ အာဟာရ လုံလောက်စွာ မရသဖြင့် ကြီးထွားနှုန်း မကောင်းခြင်း၊ ဥနှုန်းနည်းပြီး၊ သားပေါက်နှုန်း အကြိမ်နည်းခြင်း၊ ရောဂါဖြစ်ရန် အခွင့် အလမ်း များခြင်းတို့ကို တွေ့ရသည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသဖြင့် ကူးစက်ရောဂါဖြစ်လျှင် တစ်ခြံလုံးကုန်တတ်ခြင်း၊ ရောဂါကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ ချေးဖြူကပ် ရောဂါ၊ သွေးဝမ်းရောဂါ၊ သန်ရောဂါ အဖြစ်များသည်။
မျိုးကောင်း မျိုးသန့်ရွေးချယ်၍ စနစ်တကျ သားစပ်ခြင်း မရှိသဖြင့် ကြီးထွားနှုန်း ကောင်း၊ ဥနှုန်းကောင်းသော မျိုးများစွာကို မထိန်းသိမ်း ထားနိုင်ခြင်း၊ စသည်တို့ကြောင့် တိုင်းရင်းကြက်မျိုးကောင်းများ ဖြစ်ထွန်းမလာနိုင်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းကြက်မွေးမြူရေးကို “စနစ်တကျ တိုင်းရင်းကြက်မွေးမြူရေး” သို့ ပြောင်းလဲ လုပ်ဆောင်ကြရန် လိုအပ်ပြီး၊ အောက်ပါအတိုင်း ပြုပြင် ဆောင်ရွက်သင့် ကြောင်း အကြံပြုပါသည်။ ၎င်းတို့မှာ….
(၁) မွေးမြူသည့် စနစ်ကိုပြုပြင်ခြင်း၊
(၂) ကျွေးမွေးသည့် စနစ်ကို ပြုပြင်ခြင်း၊
(၃) ထိန်းသိမ်းစောင့်ရှောက်သည့် စနစ်ကို ပြုပြင်ခြင်း၊
(၄) မျိုးမြှင့်တင်သည့် လုပ်ငန်းကို ဆောင်ရွက်ခြင်း၊
(၅) ကာကွယ်ကုသမှုလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ မွေးမြူနေကြသော တိုင်းရင်းကြက်မျိုးများမှာ - အင်ပင်ဝ ကြက်၊ စစ်တကောင်းကြက်၊ လည်ပြောင်ကြက်၊ တိုက်ကြက်၊ ကြက်တိန်ညင်၊ ညောင်ကန် ကြက်၊ ရွှေတဆုပ်ကြက် နှင့် လုံးတီးကြက်တို့ဖြစ်ကြသည်။
ယင်းတိုင်းရင်းကြက်များသည် စီးပွားဖြစ် မွေးမြူသော အများအခေါ် ဘိလပ်ကြက်/ မွေးမြူရေးကြက်များနှင့်စာလျှင် ဥနှင့် အသားထုတ်လုပ်မှု နည်းသော်လည်း အောက်ပါ စရိုက် လက္ခဏာကောင်းများ ရှိနေကြောင်း တွေ့ရပါသည်။
(၁) ကုန်ကျစရိတ်သက်သာစွာဖြင့် မွေးမြူနိုင်ခြင်း၊ (အဆောက်အဦ၊ ဆေး၊ အစာ၊ ခြံသုံးပစ္စည်း၊ လုပ်အားခ)
(၂) ဒေသရာသီဥတု၊ ပတ်ဝန်းကျင် အခြေအနေနှင့် အသားကျပြီးဖြစ်ခြင်း၊ အကြမ်း ခံနိုင်ခြင်း၊
(၃) ရှုပ်ထွေးသော နည်းပညာမလိုပဲ အလွယ် တကူမွေးနိုင်ခြင်း၊
(၄) မိမိဘာသာရှာဖွေစားသောက် ရှင်သန်၊ ရပ်တည်နိုင်ခြင်း၊
(၅) ကြက်ဥများကို မိမိဘာသာဝပ်၍၊ သားဖောက်နိုင်ခြင်း၊
(၆) ကြက်သားပေါက်များကို မိမိဘာသာ ရှာဖွေထိန်းကျောင်း စောင့်ရှောက်နိုင်ခြင်း၊
(၇) အသား၏ အနံ့အရသာနှင့် ဖွဲ့စည်းမှု ကောင်းမွန်ခြင်းတို့ဖြစ်သည်။
တိုင်းရင်းကြက်များကို သေဆုံးမှုအနည်းဆုံးနှင့် နှစ်ပတ်လည်မွေးမြူနိုင်ပါက ကျေးလက်ဒေသနေ ပြည်သူများအတွက် အဓိကကျသော ဝင်ငွေတိုး လုပ်ငန်းတစ်ခု ဖြစ်လာပေမည်။
တိုင်းရင်းကြက်မွေးမြူရေးတွင် လယ်ယာလုပ်ငန်းကဲ့သို့ အရင်းအနှီး စိုက်ထုတ်ရ ခြင်း၊ လုပ်ငန်းခွင်လုပ်အား စိုက်ထုတ်ရခြင်းများ နည်းပါးပြီး၊ အိမ်ရှိမိသားစုများ လူကြီးမှ လူငယ်အထိ အလွယ်တကူဆောင်ရွက်နိုင်ခြင်း၊ အိုးမကွာအိမ်မကွာ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ခြင်း၊ သေပျောက်နှုန်းနည်းပါက ဈေးကွက်တင်ပို့မှု လွယ်ကူခြင်း၊ အိမ်တိုင် ယာရောက် အရောင်းအဝယ်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
၂၀ဝ၇ - ၂၀ဝ၈ တိရစ္ဆာန်သန်းခေါင်စာရင်း စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းရှိ ကြက် ကောင်ရေ စုစုပေါင်း ၁၀၇ ဒသမ ၁၄ သန်း အနက် ၈၅ ဒသမ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းကြက်များဖြစ်ပြီး တစ်နိုင်ငံလုံးအသားထုတ်လုပ်မှု စုစုပေါင်း၏ ၅၀ ဒသမ ၆ ရာခိုင်နှုန်းမှာလည်း တိုင်းရင်းကြက်မှ ရရှိသည်ကို တွေ့ရသည်။
ယေဘုယျအားဖြင့် တိုင်းရင်းကြက်များသည် တစ်နှစ်လျှင် ဥနှုန်း ၄၀ မှ ၆၀ ထိသာ ရှိပြီး သားပေါက်နှုန်း (၃) ကြိမ်သာ ရှိသည်ဟု သိထားကြသည်။
တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျ အကျိုးရှိစွာ စီမံခန့်ခွဲလုပ်ကိုင်သွားပါက တစ်နှစ်ဥနှုန်း ၁၆၀ နှင့် သားပေါက်နှုန်း (၅) ကြိမ် ရရှိနိုင်ကြောင်း တင်ပြလိုက်ပါသည်။
ဒေါက်တာရဲမြင့် (တိမွေး/ကု)
Credit:
https://www.facebook.com/permalink.php?story_fbid=1441210006081523&id=607375086131690