16/07/2025
ဒီရက်ပိုင်းဆေးခန်းကိုရောက်လာတဲ့ကလေးတွေမှာ သာမာန်ဖျားနာတာလောက်တင်မဟုတ်ဘဲ Feline herpesvirus တွေ feline panleukopenia virus (FPLV) တွေကူးစက်ခံရပြီးတော့ ရောက်လာတာကို တွေ့တွေ့နေရပါတယ် ။
အခုရက်ပိုင်း မိုးကလည်းအရမ်းရွာပြီးတော့ ရာသီဥတုကအေးနေတဲ့အတွက်ကြောင့် ကလေးအများစုက မိုးမိပြီးတော့ အဖျားဝင်ပြီး ကိုယ်ခံအားတွေကျနေတတ်ပါတယ် ။ ပုံမှန်မိုးမိပြီးအအေးပတ်ရုံလောက်ဆိုရင်တော့ ပြဿနာမရှိပေမယ့် ကိုယ်ခံအားကျလာတာနဲ့တစ်ပြိုင်နက် အခြားသောနောက်ဆက်တွဲရောဂါတွေကလည်း ဝင်ရောက်လာနိုင်ပါတယ် ။ အဲ့မှာ ကာကွယ်ဆေးထိုးထားတဲ့ကလေးတွေက ရောဂါဝင်လာတဲ့အခါ ခံနိုင်ရည်ရှိကြပြီးတော့ ခနတာလောက် ဖျားနာတာမျိုးဖြစ်ပြီးသက်သာသွားကြပေမယ့် အခြားမထိုးထားဖူးတဲ့ကလေးတွေမှာကတော့ တော်တော်လေး ဝေဒနာဒဏ်ကိုခံရတာကိုတွေ့တွေ့နေရလို့ပါ ။
အခုလတ်တလောတွေ့နေရတဲ့ Feline herpesvirus နဲ့ feline panleukopenia virus (FPLV) ရောဂါ နှစ်မျိုးက ဘာတွေလဲဆိုရင် -
ပထမဦးဆုံးအနေနဲ့ Feline Herpesvirus
သူက အသက်ရှုလမ်းကြောင်းမှာ ပြဿနာတတ်စေပါတယ် ။ နှာချေတာတွေ ၊ နှာရည်ယိုတာတွေ ၊ နှာရည်တွေအရမ်းယိုလို့ နှာခေါင်းပိတ်တာတွေ ၊ အသက်ရှူလမ်းကြောင်းရောင်လာတာတွေ ၊ မျက်ဝတ်တွေထွက်လာပြီးတော့ မျက်ခွံတွေပါရောင်လာတာမျိုးတွေ ဖြစ်တတ်ပါတယ် ။ အဲ့အခါမှာ ကလေးက အစာမစားနိုင်တော့ပဲ နုံးချိလာတာမျိုးတွေဖြစ်တတ်ပါတယ် ။ ရောဂါကူးစက်ပုံအကြောင်းကိုပြောရမယ်ဆိုရင် ရောဂါဖြစ်နေတဲ့ကလေးရဲ့ နှာရည်တွေ ၊ တံတွေးတွေ ၊ မျက်ဝတ်တွေကနေတစ်ဆင့်အခြားသူစီကူးစက်တတ်ပါတယ် ။ အဓိကအနေနဲ့ အရွယ်ငယ်သေးတဲ့ကလေးတွေမှာဆိုရင် သေစေနိုင်တဲ့နှုန်းလည်းမြင့်မားပါတယ် ။
နောက်တစ်ခုအနေနဲ့ feline panleukopenia virus (FPLV) အကြောင်းကိုပြောရမယ်ဆိုရင် အရမ်းကူးစက်တာမြန်ပြီးတော့ အသက်ငယ်တဲ့ကလေးတွေမှာဆိုရင် သေနှုန်းအရမ်းမြင့်တဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ် ။ အရွယ်မရောက်သေးတဲ့ကလေးတွေမှာဆိုရင် ဒီနေ့လက္ခဏာပြ နောက်နေ့ သေစေနိုင်တဲ့အထိပြင်းပါတယ် ။ ရောဂါလက္ခဏာအနေနဲ့က ဒီ Virus အဓိကထားပြီးတိုက်ခိုက်တဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းပေါ်မှာမူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ် ။ အများစုအနေနဲ့ကတော့ အန်တာမျိုးတွေ ၊ ဝမ်းပျက်တာတွေ ၊ ဗိုက်အောင့်တာမျိုးတွေ ၊ အာရုံကြောပိုင်းဆိုင်ရာလက္ခဏာ ပြလာတာမျိုးတွေကို တွေ့ရတတ်ပါတယ် ။ သူ့ရဲ့ကူးစက်ပုံကတော့ ရောဂါဖြစ်နေတဲ့ကလေးရဲ့ ဝမ်းကနေတစ်ဆင့်ကူးစက်တာပါ ။ ကူးစက်နှုန်းကလည်းအရမ်းကိုမြင့်မားပါတယ် ။
ဒါကြောင့် ဒီလိုရောဂါတွေဝင်လာပြီဆိုရင် ခံနိုင်ရည်ရှိနိုင်ဖို့အတွက် ကာကွယ်ဆေးထိုးကြဖို့လည်းတိုက်တွန်းချင်ပါတယ် ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတဲ့နည်းလမ်းဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ထားကြဖို့ပြောချင်ပါတယ် ။ အဆုံးအထိဖတ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ။
ပုံကတော့မရိုက်လိုက်ရလို့ အခြားနေရာကနေယူသုံးထားတာဖြစ်ပါတယ်