01/04/2023
ခုတလောဆေးခန်းမှာ Heatstroke နှင့်ရောက်လာတဲ့ကလေးတွေတွေ့နေရတဲ့အတွက် သည်ဆောင်းပါးလေးကို ရေးဖြစ်ပါတယ်။ Vet Doctor ဆီမရောက်ခင် လူနာရှင်ကိုယ်တိုင်ပြုစုပေးနိုင်ဖို့ ရှေးဥိးသူနာပြုစုနည်းလေးတွေကိုလည်းထည့်ပေးထားပါတယ်။ မိမိတို့ တိလေးတွေကို စောင့်ရှောက်နိုင်ကြပါစေရှင့်။
ဆိုတာဘာလဲ?
Heatstroke က ခန္ဓာကိုယ်အပူချိန်လွန်ကဲခြင်းဖြစ်စဉ်ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ခွေးလေးတွေရဲ့ ခန္ဓာကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၉.၄ ဒီဂရီစသ်တီဂရိန်ဆို အပူကြီးနေပြီလို့ပြောလို့ရပါတယ်။ သို့သော် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက်/၄၁ဒီဂရီစင်တီဂရိတ်အထက်ဖြစ်နေမယ်။ ဖျားနေခဲ့တဲ့အခြေအနေလည်းမဟုတ်ဘူး ပြင်ပအပူချိန်အလွန်အမင်းထိတွေ့မိတယ်ဆိုရင်တော့ Heatstroke လို့သတ်မှတ်လို့ရပါတယ်။
အပူချိန် ၁၀၇ ကနေ ၁၀၉လောက်အထိတက်နေပြီဆိုရင်တော့ Multiple Organ failure တစ်နည်း အတွင်း အင်္အဂါပျက်ဆီးမှုတွေကြုံတွေ့နေရနိုင်ပြီး အသက်သေဆုံးသည်အထိ ကြုံတွေ့ရနိုင်ပါတယ်။
ခွေးကလေးတွေ Heatstroke ဖြစ်နေပြီလို့ဘယ်လိုသိနိုင်မလဲ?
၁။ အလွန်အမင်းအသက်ရှုနှုန်းမြန်ခြင်းမောပန်းခြင်း
၂။ ပါးစပ်ခြောက်သွေ့စေးက်နေခြင်း
၃။ ခံတွင်းအရောင်ပြောင်းခြင်း (အနီရောင်/အပြာ)
၄။အာခေါင်တွင်အနာများတွေ့ရှိရခြင်း
၅။ထုံထိုင်းခြင်းနှင့်စိတ်ရှုပ်ထွေးနေခြင်း
၆။ တက်ခြင်း တို့ကို တွေ့ရပြီဆိုရင်တော့ Heatstroke ဖြစ်နေပြီလို့ ဆိုရပါမယ်။
Heatstroke ဘာလို့ဖြစ်တာလဲ?
ခွေးလေးတွေက ကျွန်မတို့လူတွေလို ချွေးထွက်ပြီးအပူချိန်ထိန်းပေးတဲ့ ဇီဝဖြစ်စဉ်မရှိပါဘူး။ သူတို့ရဲ့ ချွေးဂလန်းလေးတွေက ခြေဖဝါးလေးတွေမှာ ပမာဏနည်းနည်းသာရှိတတ်ပါတယ်။ သူတို့ရဲ့ ဟောဟဲဟောဟဲနှင့်အသက်ရှုခြင်း တစ်နည်း ပါးစပ်နှင့်အသက်ရှုတဲ့ဖြစ်စဉ်ကသာလျှင်အပူကို ထိန်းညှိပေးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့် Pet ကလေးတွေကိုနေပူထဲမှာထားရင် အလုံပိတ်ကားအခန်းထဲမှာထားခဲ့ရင် လေဝင်လေထွက်မကောင်းတဲ့အခန်း/ နေရာမှာထားမယ်ဆိုရင် Heatstroke ကဲ့သို့ကြုံတွေ့ရနိုင်ပါတယ်။ သည်ကာလမှာလေ့ကျင့်ခန်းအပြင်းအထန်လုပ်ခိုင်းတာမျိုးကလည်း Heatstroke ကိုကြုံတွေ့ရစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်ရမှာလဲ?
၁။ အလုံပိတ်နေရာတွေမှာမထားပါနှင့်။ အရိပ်ရသောလေဝင်လေထွက်ကောင်းသောနေရာတွင်ထားပါ။
၂။ သည်လိုပူတဲ့ရာသီမျိုးမှာ အပြင်းအထန်ဆော့ကစားတာလေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ကြဉ်ခြင်း
၃။သောက်သုံးရေရရှိအောင်ထားပါ။ ရေသောက်မနည်းစေရန်သတိပြုပေးပါ။
ဘယ်လိုကုသမလဲ?
Heatstroke က အရေးပေါ်ဆေးကုသဖို့လိုတဲ့အခြေအနေဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်ချက်ချင်းပြသဖို့လိုပါတယ်။
ဆေးရုံဆေးခန်း မပြနိုင်ခင်ကြားကာလမှာတော့ မိမိတို့ကိုယ်တိုင်ပြုစုဖို့ရာနည်းလမ်းတွေရှိပါတယ်။
၁။ အပူချိန်လျှော့ချနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေအေး (အရမ်းမအေး)ကို ခေါင်းပေါ် ဝမ်းဗိုက်နေရာ ချိုင်းကျားအောက်နှင့်ခြေထောက်တွေကို လောင်းချရပါမယ်။ သိုမဟုတ် ထိုနေရာတွေကိုရေစိုဝတ်နှင့်အုပ်ပေးထားရပါမယ်။ ရေစိုဝတ်ကိုသုံးရင်တော့မကြာမကြာလဲပေးပါ အပူအုပ်နေနိုင်လို့ဖြစ်ပါတယ်။
၂။ လေဝင်လေထွက်ကောင်းအောင်လုပ်ပေးဖို့လိုပါတယ်။ ယပ်ခပ်ပါ။ ဆေးခန်းမပြခင်ထိ သည်process ကိုဆက်လုပ်ပေးဖို့လိုပါတယ်။ ဆေးခန်းမှာတော့ ဆေးသွင်းကုသပေးခြင်း၊ low concentration oxygen ပေးခြင်းနှင့်အခြားကုသနည်းများဖြင့်စောင့်ရှောက်မှုပေးနိုင်ပါတယ်။
ပြုစုစောင့်ရှောက်စဉ်ကာလအတွင်း ခန္ဓာကိုယ်အပူချိန်ကိုလည်းသတိပြုနေရန်လိုအပ်ပြီး ၁၀၃ဒီဂရီအောက်ရောက်မသွားစေရန်သတိပြုရမှာဖြစ်ပါတယ်။
သည်လိုဆိုရင်တော့ အန္တရာယ်အခြေအနေကိုကျော်နိုင်ခြေများပါတယ်။ ဒါ့အပြင် စောစီးစွာသိရှိမယ် လူနာရဲ့ခံနိုင်ရည်ကလည်းမြင့်မယ် အလျှင်အမြန်ကုသမှုပေးနိုင်မယ်ဆိုရင်တော့ နောက်ဆက်တွဲရောဂါခံစားရခြင်းများကိုလည်းသက်သာစေနိုင်ပါတယ်။
သို့သော် heatstroke ကိုကြုံတွေ့ဖူးတဲ့ကလေးတွေက ထပ်မံကြုံတွေ့ရနိုင်ချေရှိတဲ့အတွက် ပိုင်ရှင်များရဲ့ ဂရုစိုက်မှုကို အင်မတနိမှလိုအပ်ပါတယ်။
==========
တိလေးများရောဂါဝေဒနာများကင်းရှင်းကြစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။
ဆေးကုသရန် လိုအပ်ပါက 09793848308 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။