Kaung Thit Vet Clinic & KT Pet Accessories

Kaung Thit Vet Clinic & KT Pet Accessories ကြင်နာတတ်​သော နှလုံးသားပိုင်ရှင်များ၏ အားထားရာ

သ​င်္ကြန်ကာလအတွင်း ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းအား ဖွင့်လှစ်သွားပါမည်။
12/04/2025

သ​င်္ကြန်ကာလအတွင်း ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းအား ဖွင့်လှစ်သွားပါမည်။

ငလျင်ဘေးဒဏ်သင့် တိရစ္ဆာန်များအား ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းတွင် အခမဲ့ဆေးကုသပေးသွားပါမည်။******************************...
02/04/2025

ငလျင်ဘေးဒဏ်သင့် တိရစ္ဆာန်များအား
ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းတွင်
အခမဲ့ဆေးကုသပေးသွားပါမည်။
*********************************************
၂ ဧပြီလ ၂၀၂၅

ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ အချို့ပြည်သူများအနေဖြင့် အသက်၊ အိုးအိမ်ဆုံးရှုံးပျက်စီးမှုများပြားသည်ကို ကြားသိရ၍ စာနာဝမ်းနည်းမိပါတယ်ခင်ဗျ။

အဆိုပါငလျင်ဒဏ်ခံစားရသူများအနေနဲ့ မိမိ၏ တိရစ္ဆာန်များ ထိခိုက်ဖျားနာခြင်းများရှိပါက ယခု ဧပြီလမှစပြီး ပုဗ္ဗသီီရိမြို့၊ ယုဇနလမ်း၊ စစ်တောင်း (၂၆) လမ်းပေါ်ရှိ ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းသို့ လာရောက်၍ အခမဲ့ဆေးကုသမှုခံယူနိုင်ပါတယ်ခင်ဗျ။

အဆိုပါ အခမဲ့ဆေးကုသမှုခံယူခြင်းနဲ့ပတ်သက်ပြီး အားနာခြင်းမျိုးမဖြစ်စေလိုကြောင်း ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းအနေနဲ့ လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျ။

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းသို့ လာရောက်ပြသဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။

ကြင်နာတတ်သော နှလုံးသားပိုင်ရှင်တို့ရဲ့
အားထားရာ

ကောင်းသစ်တိရစ္ဆာန်ဆေးကုခန်း

09 971913721

ယုဇနလမ်း၊ စစ်တောင်း (၂၆) လမ်း၊ ပုဗ္ဗသီရိမြို့။

30/03/2025

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း
09256423046
09971913721 (Viber ph)
သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

လတ်တလောအခြေအနေအရ
MPT ဖုန်းလိုင်းပဲရပါတယ်ခင်ဗျ။

ကျေးဇူးတင်ရှိပါသည်။

30/03/2025
“အခါလွန်မှ ရွာသည့်မိုး”************************(၁)“ဟဲ့ ဖိုးမောင်ရေ ဖိုးမောင် လာပါအုံးဟဲ့”“ခြံဝင်းတံခါး ပိတ်ပေးစမ်းပါဟယ်”...
30/03/2025

“အခါလွန်မှ ရွာသည့်မိုး”
************************
(၁)

“ဟဲ့ ဖိုးမောင်ရေ ဖိုးမောင် လာပါအုံးဟဲ့”
“ခြံဝင်းတံခါး ပိတ်ပေးစမ်းပါဟယ်”
“ဟဲ့ ကလေးတွေ အပြင်မထွက်ကြနဲ့၊ ပြောတာမကြားဘူးလား။ အိမ်ထဲဝင်နေကြ”
ဒေါ်စိန်အေးရဲ့ တူလေးနှစ်ယောက် ကြောင်တောင်တောင်နဲ့ ကြည့်ပြီး အိမ်ထဲသို့ ကြောက်ကြောက်နဲ့ ဝင်သွားကြလေ၏။
“ဒွေးစိန်အေး ဘာဖြစ်နေလို့လဲဗျ၊ နည်းနည်းပါးပါးလဲ ပြောအုံးလေ”
ဖိုးမောင်တစ်ယောက် အပြေးတစ်ပိုင်းနဲ့ မေးရင်းနဲ့ ဒေါ်စိန်အေးအိမ်ရှေ့ ရောက်လာ၏။
“ဟဲ့ ဖိုးမောင်ရေ.. ရွာတောင်ပိုင်းမှာ ခွေးရူးတစ်ကောင် ဘိုးသာလှနွားမကို ကိုက်သွားတယ် ပြောတယ်။ ရွာထဲလမ်းမှာ ပတ်ပြေးနေလို့တဲ့”
ဒေါ်စိန်အေးလည်း ဖိုးမောင်ကို ပြန်ပြောရင်း အိမ်တံခါးတွေ လိုက်ပိတ်နေ၏။
“ဟာ….အဲဒါဆိုရင် ဒီခွေးရူးကိုသတ်ပစ်ရမှာပေါ့ နို့မို့ဆို တစ်ရွာလုံးဒုက္ခရောက်ကုန်လိမ့်မယ်” ဖိုးမောင်က ဒေါ်စိန်အေးခြံဝင်းတံခါးကို ပိတ်ပေးပြီး သူ့အိမ်ဘက်သို့ အပြေးနှင်လေ၏။
“ဒွေးစိန်အေးရေ ရွာတောင်ပိုင်းမှာ ခွေးရူးသွားရှာပြီး သတ်လိုက်ဦးမယ်ဗျ။ သွားပြီဗျိုး…”
ဖိုးမောင်တစ်ယောက် အော်ပြောရင်း ခက်ရင်းခွတစ်ချောင်းကိုင်ပြီး ပြေးသွားလေတော့သည်။

(၂)

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့သည့်ပွဲပမာ။
ပွဲကြည့်ပရိတ်သတ် တချို့က မန်ကျည်းပင်ပျိုထိပ်မှာ။ တချို့က အိမ်အပေါ်ထပ်မှနေ၍ မြင်ရနိုးနိုး။ တချို့က ညာသံပေး၍ ခြောက်လှန့်သံနှင့် ရွာတောင်ပိုင်းကနေ ချီတက်လာနေကြ၏။ ရွာလယ်ပိုင်း ကျောက်စီထားသောလျှိုကမ်းပါးကြားလမ်းအတိုင်း အားမာန်အပြည့်၊ ခြေလှမ်းသွက်သွက်နှင့် လူငယ်တစ်ဦး။ ခက်ရင်းတစ်ချောင်းကိုင်စွဲလျက်။
ရွာတောင်ပိုင်းလမ်းကွေ့ချိုးမှနေ၍ ရွာလယ်လမ်းမပေါ်သို့ တက်လာသည့် သတ္တဝါတစ်ကောင်အား ဘွားကနဲ မြင်ရပါပြီ။ ဂမူးရူးထိုးနဲ့ ပြေးတက်လာ၏။ နက်မောင်သောခန္ဓာကိုယ်တွင် ဖုန်အလိမ်း လိမ်းနှင့်။ သွားစွယ်ငေါ့ငေါ့ထက်မှာ အမြုပ်တစီစီ။ သွားရည်တမြားမြားနှင့်။ မျက်လုံးများက ဒေါသအခိုးအရောင်များနှင့်။ အရာရာကို ရန်လိုနေပြီး မြင်ဟန်မတူ။ အမြီးကိုကုပ်ပြီး အသံအက်အက်ဖြင့် ဟောင်သံကြီးက ကြက်သီးထစရာ။ ခွေးရူးတစ်ကောင်ဆိုလျှင် မမှားနိုင်။
သန်မာသောလူငယ်တစ်ဦးနှင့် ရန်လိုနေသောခွေးတစ်ကောင်။ လျှိုကမ်းပါးကြား ရှောင်လွဲစရာ လမ်းမရှိ။ အရှိန်နှင့်ပြေးလာကြပြီး ရင်ဆိုင်ကြသည်နှင့် သွားစွယ်ဖွေးဖွေးဖြင့် ပါးစပ်အသားကုန်ဖြဲပြီး လူငယ်အား အမိအရ လှမ်းဟပ်လိုက်တော့သည်။ လူငယ်ကလည်း ပေါ့ပါးသွက်လက်စွာဖြင့် လျှိုတစ်ဖက်ကမ်းပါးကျောက်စီနံရံအား လှမ်းကန်ပြီး လက်ထဲမှ ခက်ရင်းစွယ်ဖြင့် ခွေးရူး၏ ရင်ဝဆီသို့ အားကုန်ထိုးချလိုက်၏။ ထို့နောက် လူငယ်နှင့် ခွေးရူးတို့ လုံးထွေးကျသွားပြီး သတ်ပုတ်ကြ၏။ ခဏအကြာ ခွေးရူးသည် ခက်ရင်းစွယ်တန်းလန်းနှင့် အသက်ဝိဉာဉ်မဲ့စွာ ငြိမ်ကျသွားလေတော့သည်။
“ဟေး….ဟေး”
“ဝှေး………”
“ရွှီး…..”
“ဖြောင်း……ဖြောင်း….ဖြောင်း”
“ဖိုးမောင်ကွ…..”
လက်ခုပ်ဩဘာသံများနဲ့ ဖိုးမောင်၏ ရဲစွမ်းသတ္တိရှိမှုအား ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုကြလေသည်။

(၃)

“အား.. ကျွတ်…ကျွတ်….ကျွတ်”
ဖိုးမောင်တစ်ယောက် ခွေးရူးကို သတ်နိုင်ခဲ့၍ ဂုဏ်ယူစွာနဲ့ ပြန်လာနိုင်ခဲ့သော်လည်း လက်မောင်းတွင် ခွေးကိုက်သည့် ဒဏ်ရာအနည်းငယ်ရလာခဲ့၏။
ဒေါ်စိန်အေးလည်း အိမ်မှာရှိတဲ့ သွားတိုက်ဆေးကိုယူ၍ ဖိုးမောင်ရဲ့ ဒဏ်ရာကို သိပ်ပြီး ပုဆိုးစဖြင့် တင်းတင်းစည်းပေးလိုက်သည်။
“ဟဲ့ ဖိုးမောင် ညနေကျရင် တောင်ဘက်ရွာက ဘိုးသာဟန်ဆီမှာ သွားမန်းခိုင်းထားဦး။ တော်ကြာ အနာမန်းမထားရင် အနာရင်းပြီး ခွေးရူးပြန်လိမ့်မယ်”
“ခွေးကိုက်ခံရတဲ့အခါ ခွေးတောက်ရွက်တွေလည်း ချက်စားမနေနဲ့အုံး။ မန်းပြီးရင်လည်း ဘုန်းကြီးပျံပွဲ၊ မယ်တော်ပျံပွဲတွေလည်း မသွားရဘူးနော်။ ခွေးရူးပြန်တတ်တယ် ဖိုးမောင်ရဲ့”
ဒေါ်စိန်အေးအနေနဲ့ သူမကြားဖူးနားဝရှိသမျှ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖိုးမောင်အား မှာကြားနေလေ၏။
“ဖိုးမောင်ရေ ညနေကျ ဘိုးသာဟန်ဆီ ဆက်ဆက်သွားပြီး မန်းခိုင်းနော်။”
“ရွာအရှေ့ပိုင်းက ဦးလှမောင်တို့ သားအဖတောင် ဒီလဆန်းပိုင်းက သူတို့အိမ်ကခွေးကိုက်ခံရလို့ သွားမန်းထားတာ။ အခုဆို ခွေးကိုက်တဲ့ဒဏ်ရာတောင်မရှိတော့ဘူးတဲ့။”
“ဒွေးစိန်အေးလည်း ပြီးခဲ့တဲ့ ၃ နှစ်က လမ်းထိပ်က ခွေးအကိုက်ခံရလို့ သွားမန်းထားတာ။ ဘိုးသာဟန်နဲ့ မန်းထားတာစိတ်ချရတယ်ကွဲ့”
ဒေါ်စိန်အေးတစ်ယောက် ဖိုးမောင်ကို ဘိုးသာဟန်ဆီမှာ သွားမန်းဖို့ အတင်းတိုက်တွန်းနေလေ၏။

(၄)

ဒေါက်တာပြည့်ဖြိုးက မြို့သစ်မြို့နယ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး။ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးလည်း ဖြစ်၏။
ဒီနေ့ ဒေါက်တာပြည့်ဖြိုးတစ်ယောက် ကွင်းဆင်းဟောပြောဖို့ရှိပါသည်။ မြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ဒေါက်တာခန့်ဝေဖြိုးနဲ့အတူ ကွင်းဆင်းဖို့ တိုင်ပင်ထားလေ၏။ ကွင်းဆင်း မည့်နေရာက ကျောက်ရင်းတိုက်နယ်မှ မိုးတောင်ကျေးရွာလေးဆီသို့။
ခရီးလမ်းအစမှာ ကတ္တရာလမ်းနဲ့မို့ မာဇဒါဂျစ်ကားလေးက လေမှာလွင့်နေသလို ပြေးလွှားနေ လေ၏။ ဆပ်ပြာကျင်းရွာနားအရောက် ချောင်းရိုးလေးဖြတ်ပြီး လမ်းတစ်ဘက်အရောက်မှာတော့ လမ်းခရီးကြမ်း ကျောက်ခင်းလမ်းနဲ့။ လှတောသားစကားနဲ့ပြောရရင် ကျောက်ခဲ စားသွားရင်တောင် အစာကြေမယ့်လမ်းမျိုး။ ကျောက်ခင်းလမ်းထက်မှာ မာဇဒါဂျစ်ကားလေး ဘယ်ညာ လူးလွင့်ရင်း စည်းချက်မညီ သံစုံမြည်လျက်။
“တောသူတောင်သားတွေဆိုတော့ ဗဟုသုတနည်းကြတယ်။ ခွေးရူးနဲ့ပတ်သက်တဲ့အသိပညာ မရှိတော့ မသေသင့်ဘဲ သေကြရတာ။ ဒီမိုးတောင်ရွာက ဦးလှမောင်အဖြစ်က သနားစရာပါဗျာ” ဒေါက်တာခန့်ဝေဖြိုးတစ်ယောက် စိတ်မသက်မသာဖြင့် ညည်းတွားလိုက်၏။
“ဟုတ်တယ် ဆရာခန့်ဝေဖြိုး။ ခွေးရူးရောဂါကာကွယ်ဖို့ဆိုတာကလည်း ဆရာတို့ ကျန်းမာရေး ဌာနနဲ့ ကျွန်တော်တို့ မွေး/ကုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့အပြင် သစ်တောတို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဌာနတို့ စည်ပင်တို့နဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုတာ ဆရာခန့်ဝေဖြိုးရေ”
“ဒါကြောင့်လည်း ကမ္ဘာမှာ ၂၀၃၀ ရောက်ရင် ခွေးရူးရောဂါကင်းစင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံး One Health Approach ပုံစံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့ ဆရာပြည့်ဖြိုးရေ”
“ဒီနေ့လည်း ဦးလှမောင်ကို အကြောင်းပြုပြီး မိုးတောင်ကို ဆရာနဲ့ ကျွန်တော် ခွေးရူးရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ထွက်လာကြတာမို့လား။ ရှေ့နားဆိုရင် အဲဒီရွာကို ရောက်ပြီ ဆရာခန့်ဝေဖြိုးရေ”

(၅)

“မိုးတောင်ကျေးရွာက ကြိုဆိုပါ၏”
ရွာအဝင်ဆိုင်းဘုတ်က လက်ပံကြီးအောက်မှ ကြိုဆိုနေလေရဲ့။ လက်ပံပွင့်များက တောင်လေ အဝှေ့မှာ ဝဲပျံလျက်။ မာဇဒါဂျစ်ကားနောက်မှာ ဖုန်လုံးကြီးများ တလှိမ့်လှိမ့်ထနေပုံက အဆိုတော် သန်းထွန်းလေးရဲ့ ကျွန်တော့်မွေးဌာနီသီချင်းသံကို ကြားယောင်မိစေသည်။
ရွာလယ်ဓမ္မာရုံရှေ့ရောက်သည်နှင့် ခရီးဦးကြိုဆိုသူ လေးဦးခန့်တွေ့ရသည်။ ရွာလူကြီး ဦးအောင်ဘော်နှင့် ရပ်မိရပ်ဖ နှစ်ဦး။ နောက်ထပ် အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ယောက်ျားပီသသောရုပ်နှင့် လူငယ်လေးတစ်ဦး။ ခရီးဦးကြိုဆိုသူများနှင့်အတူ ရွာလယ်ဓမ္မာရုံ အတွင်း ဝင်လိုက်သည်နှင့် ဟောပြောပွဲတက်ရောက်လာသူ ငါးဆယ်ဦးခန့်၏ စကားပြောသံများ ငြိမ်သက်သွားသည်မှာ ကျေနပ်စရာ။

(၆)

ဟောပြောပွဲစပါပြီ။
နောက်ခံဗနိုင်းထက်မှာ ရေးထားတာက “ခွေးရူးရောဂါအကြောင်းသိကောင်းစရာများ”။
ဆရာ ဒေါက်တာခန့်ဝေဖြိုး တစ်ယောက် မိတ်ဆက်စကားဆို၍ ခွေးရူးရောဂါအကြောင်းစတင် ဟောပြောလေပြီ။
“ခွေးရူးရောဂါဆိုတာ တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ လူအပါအဝင် ခွေး၊ ကြောင်၊ မြေခွေး၊ လင်းနို့၊ လင်းဆွဲ၊ မျောက်စတဲ့ သွေးနွေးသတ္တဝါ၊ နို့တိုက်သတ္တဝါတွေမှာ ဖြစ်ပွားသေဆုံးနိုင်ပါတယ်။”
“ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ (၅၉၀၀၀) ဦးခန့် ခွေးရူးရောဂါကြောင့်သေဆုံးနေရပါတယ်။ ဒါဟာ (၁၅) မိနစ်ကို လူတစ်ဦးနှုန်းခန့် သေဆုံးနေကြရတာဖြစ်ပါတယ်။”
“အဓိကအားဖြင့် ခွေးကိုက်လို့ ခွေးရူးရောဂါဖြစ်တာ (၉၉) ရာခိုင်နှုန်းခန့်ရှိပါတယ်။ ခွေးလေခွေးလွင့်ကြောင့် အဖြစ်များပြီးတော့ ခွေးရူးဖြစ်တာရဲ့ (၄၀) ရာခိုင်နှုန်းခန့်က ကလေးငယ်တွေမှာဖြစ်တာ တွေ့ရှိရပါတယ်။”
“ခွေးရူးရောဂါက လူရော၊ တိရစ္ဆာန်မှာပါ ရောဂါလက္ခဏာပြရင် ဆေးကုလို့မရပါဘူး။ ခွေးရူးပြန်ရင် ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်ပါတယ်”
“ခွေးရူးရောဂါကို ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်တာမို့ ခွေးကိုက်ခံရရင် (၂၄) နာရီအတွင်း ခွေးရူးရောဂါကာကွယ်ဆေးထိုးဖို့လိုပါတယ်”
ဒေါက်တာခန့်ဝေဖြိုးတစ်ယောက် ခွေးရူးရောဂါအကြောင်း နိဒါန်းချီဟောပြောပြီးနောက် ခွေးကိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်းအကြောင်း၊ ကြိုတင်ကာကွယ်ဆေးထိုးနည်း (PREP) နှင့် ခွေးကိုက်ခံရပါက ကာကွယ်ဆေးထိုးနည်း (PEP) အကြောင်း၊ လူမှာ ခွေးရူးပြန်ဖြစ်ပါက တွေ့ရမယ့်ရောဂါလက္ခဏာများအကြောင်း အကျယ်တဝင့် ရှင်းလင်း ဟောပြောပါသည်။
ထို့နောက် ဒေါက်တာပြည့်ဖြိုးက ခွေးရူးရောဂါမဖြစ်ပွားအောင် မိမိတိရစ္ဆာန် ခွေး၊ ကြောင်များ မွေးမြူသည့်အပိုင်းကို ရှင်းလင်းဟောပြောလေ၏။
“မိမိအိမ်မှာ မွေးမြူတဲ့ ခွေး၊ ကြောင်တွေကို ခွေးရူးရောဂါကာကွယ်ဆေးကို နှစ်စဉ်ပုံမှန် ထိုးပေးရပါမယ်။ ခွေး၊ ကြောင် အသက် ၃-၄ လသားမှာ စထိုးလို့ရပါတယ်။ ဒါမှ မိမိခွေး၊ ကြောင်ကို ခွေးရူးရောဂါကူးစက်မှုမရှိနိုင်သလို လူကို ကူးစက်မှုနည်းပါးသွားမှာ ဖြစ်ပါတယ်”
“ခွေးတွေ ကြောင်တွေကို တရင်းတနှီး ပွေ့ဖက်နမ်းရှုပ်တာမျိုး၊ တစ်ခန်းတည်း အိပ်ရာပေါ် ပေးသိပ်တာမျိုး မလုပ်သင့်ပါဘူး”
“ခွေးရူးရောဂါက ရောဂါဖြစ်နေတဲ့သတ္တဝါရဲ့ သွားရည်၊ တံတွေးကနေ အဓိက ကူးစက်တာ ဖြစ်ပါတယ်။”
“ခွေးကိုက်ခံရမှ ခွေးရူးရောဂါကူးစက်တာမဟုတ်ပါဘူး။ ခွေးရူးပိုးပါတဲ့ သွားရည်တံတွေးနဲ့ ပွန်းပဲ့ဒဏ်ရာကို တိုက်ရိုက်ထိတွေ့ရင်လည်း ရောဂါကူးစက်နိုင်ပါတယ်”
“ခွေးရူးပြန်တဲ့ခွေးက ရောဂါလက္ခဏာပြပြီး ၁၀ ရက်အတွင်း သေဆုံးလေ့ရှိပါတယ်။ အဲဒါကြောင့် ရောဂါလက္ခဏာစပြချိန်ကနေ သေဆုံးချိန်အထိ အဲဒီ ၁၀ ရက်အတွင်းမှာပဲ ရောဂါပိုးကူးစက် ပျံ့နှံ့နိုင်တာ ဖြစ်ပါတယ်ခင်ဗျ”
“ရောဂါပိုးပျိုးကာလက ခွေးကိုက်ခံရပြီး အစောဆုံး ၅ ရက်ကနေ အများဆုံး ၂-၃ လအတွင်း အဖြစ်များပါတယ်။ တစ်ခါတရံ ၆ နှစ်ကနေ ၁၀ နှစ်အထိ ရောဂါဖြစ်ပွားဖို့ကြာတတ်ပါတယ်”
“အဲဒါကြောင့် ခွေးကိုက်ခံရရင် ခွေးရူးရောဂါကာကွယ်ဆေးထိုးထားတာ စိတ်အချရဆုံး ဖြစ်ပါတယ်။ ဗိန္နောနည်းနဲ့ မန်းတာတွေ၊ ဆေးမီးတိုနဲ့ ကုသတာတွေ မလုပ်ဆောင်သင့်ပါဘူး။ အဲဒါတွေက စိတ်မချရပါဘူး”
“နောက်ထပ်ပြောချင်တာကတော့ ခွေးလေခွေးလွင့်တွေက ခွေးရူးရောဂါဖြစ်စေတဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ခွေးလေခွေးလွင့်များထိန်းချုပ်ဖို့ လိုပါတယ်။ ခွေးမွေးမြူသူများကလည်း စနစ်တကျ မွေးဖို့လည်းလိုပါတယ်”
ဆက်လက်ပြီး ဒေါက်တာပြည့်ဖြိုးက ကလေးသူငယ်များ ခွေး၊ ကြောင်အကိုက်မခံရအောင် နေထိုင်နည်းများ၊ ခွေးများနှင့် အပြင်ထွက်လမ်းလျှောက်သည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ ခွေး၊ ကြောင်များတွင် တွေ့ရတတ်သော ခွေးရူးရောဂါလက္ခဏာများ၊ မိမိရပ်ကွက်တွင် ခွေးရူးရောဂါသံသယဖြစ်ဖွယ်တွေ့ရပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကို သတင်းပို့ခြင်း စသည်တို့ကို ရှင်းလင်းဟောပြောပါသည်။

(၇)

ဆရာများ ဟောပြောပြီးသည်နှင့် တက်ရောက်လာသူ ငါးဆယ်ဦးခန့်၏ တီးတိုးတီးတိုး စကားသံများ ထွက်ပေါ်လာပါသည်။ မေးချင်သည့် မေးခွန်းများ ရှိနေကြ၏။ ရှေးရိုးအယူအဆများနှင့် ဒွိဟဖြစ်နေ သောကြောင့်ပင်။
“ဆရာတို့ မင်္ဂလာပါခင်ဗျ။ ကျွန်တော့်ကို မေးခွန်းအနည်းငယ် မေးမြန်းခွင့်ပြုပါခင်ဗျ”
ရပ်မိရပ်ဖစားပွဲဝိုင်းအနီး ထိုင်နေသော အသားညိုညိုနှင့် အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူငယ်တစ်ဦးသည် မတ်တပ်ရပ်လျက် ကြည်လင်သောအသံဖြင့် ယဉ်ကျေးစွာ စကားဆိုလာ၏။
ဟောပြောပွဲအတွင်းရှိသူများအားလုံးသည် ထိုလူငယ်ဆီသို့ အာရုံစိုက်လာကြပြီး တီးတိုးသံများ တိတ်ဆိတ်သွား၏။
ဆရာ ဒေါက်တာခန့်ဝေဖြိုးက ထိုလူငယ်ကို ကြည့်၍ ခေါင်းငြိမ့်ပြပြီး မေးခွန်းမေးမြန်းရန် အခွင့်ပေးလိုက်သည်။
“ကျွန်တော့်နာမည်က ဖိုးမောင်ပါဆရာ။ ကျွန်တော်တို့အရပ်မှာက ကိုက်တဲ့ခွေးကို သတ်ပစ်ရင် ခွေးရူးပြန်မဖြစ်ဘူးလို့ သိထားပါတယ်”
“နောက်ပြီး ရွာမှာ ခွေးကိုက်ရင် မန်းတာကလည်း ခွေးရူးပြန်မဖြစ်ကြဘူးလို့ ယုံကြည်ကြပါတယ်ဆရာ”
“ရွာက ဦးလေးလှမောင် ခွေးရူးပြန်ပြီး မနေ့ကဆုံးသွားပါတယ်။ သူ့အိမ်ကခွေးကိုက်တာမို့ နှင်းနုကလည်း သနားလို့ အဲဒီခွေးကို မသတ်လိုက်ရပါဘူး။ အဲဒါကြောင့် ခွေးရူးပြန်သွားတာလို့ ပြောနေကြတယ်ဆရာ။ ခွေးက ၄ ရက်လောက်နေတော့ ပတ်ပြေးရင်းနဲ့ ရေချောင်းထဲ ပြုတ်ကျပြီး သေသွားပါတယ်ဆရာ”
“ဦးလေးလှမောင်က ခွေးကိုက်တာကို မန်းထားပြီးပေမယ့် ဟိုတစ်နေ့က မြို့သစ်ဘုန်းကြီးပျံပွဲကို ဝင်ခဲ့လို့ ခွေးရူးပြန်တာလို့လည်း ပြောနေကြပါတယ်ဆရာ။ အဲဒါတွေက တကယ်ဟုတ်သလား။ မဟုတ်ရင် ခွေးရူးပြန်ပြီး ဦးလေးလှမောင် ဘာကြောင့်ဆုံးသွားတာလည်းဆိုတာ ရှင်းပြပေးပါဆရာ”
ကိုဖိုးမောင်တစ်ယောက် မေးခွန်းရဲ့အဖြေကို ပြောကြားလာမည့် ဆရာ ဒေါက်တာပြည့်ဖြိုးကို အားကိုးယုံကြည်စွာဖြင့် လှမ်းကြည့်နေ၏။
“ခွေးကိုက်ခံရတဲ့အခါ ကိုက်တဲ့ခွေးကို သတ်ပစ်ရင် ခွေးရူးမပြန်ဘူးဆိုတာ မဟုတ်ပါဘူး ကိုဖိုးမောင်”
“ကိုက်တဲ့ခွေးကို သတ်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ ကိုက်တဲ့ခွေးက ကိုက်ပြီး အနည်းဆုံး ၁၀ ရက် သို့မဟုတ် ၁၄ ရက်ခန့်စောင့်ကြည့်သင့်ပါတယ်။ စောင့်ကြည့်ကာလအတွင်းမှာ ကိုက်တဲ့ ခွေးက မသေဆုံးခဲ့ဘဲ ကျန်းမာနေရင်တော့ အဲဒီခွေးကိုက်မှုဖြစ်စဉ်ကနေ ခွေးရူးရောဂါ ကူးစက်မှု မဖြစ်နိုင်ပါဘူးခင်ဗျ။ ခွေးကို စောင့်ကြည့်ရာမှာ ခွေးရူးရောဂါကာကွယ်ဆေး ထိုးပြီးမှ စောင့်ကြည့်တာ အကောင်းဆုံးပါခင်ဗျ”
“ခွေးကိုက်ခံရရင် မန်းတာ၊ ဆေးမီးတိုနဲ့ကုသတာတွေက ခွေးရူးပြန်မဖြစ်အောင် လုပ်မပေးနိုင်ပါဘူး ကိုဖိုးမောင်”
“ခွေးကိုက်ခံရရင် ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကသာ ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်”
“ခွေးရူးရောဂါကာကွယ်ဆေးကို သတ်မှတ်နည်းလမ်းများနှင့်အညီ ဆေးပတ်လည်အောင်ထိုးပြီးပြီ ဆိုရင် အဲဒီဖြစ်စဉ်အတွက် ခွေးရူးရောဂါမဖြစ်နိုင်တော့ပါဘူးခင်ဗျ။ နောက်ပိုင်းကာလမှာ ဘုန်းကြီးပျံပွဲသွား သွား၊ မယ်တော်ပျံပွဲသွားသွား၊ ခွေးတောက်ရွက်ပဲ ချက်စားစား ခွေးရူးပြန်ရောဂါ မဖြစ်နိုင်တော့ ပါဘူးခင်ဗျ”
“ခွေးရူးရောဂါကာကွယ်ဆေးထိုးနေစဉ်နဲ့ ဆေးထိုးပြီးနောက်ပိုင်းမှာ အစားအသောက် ကန့်သတ်တာတွေ ရှောင်ကြဉ်ရတာတွေ မရှိပါဘူးခင်ဗျ”
ဒေါက်တာခန့်ဝေဖြိုးတစ်ယောက် မေးခွန်းများရဲ့အဖြေအပေါ် ကျေနပ်မှုရှိ၊ မရှိနှင့်ပတ်သက်ပြီး ကိုဖိုးမောင်ကို အကဲခတ်၍ ကြည့်လိုက်သည်။
“ဟုတ်ကဲ့ပါဆရာ။ ခွေးရူးရောဂါကာကွယ်ဆေးက ဘယ်လိုထိုးရတာလဲဆရာ။ ရှေ့ပိုင်းမှ ဆရာ ပြောသွားတာမှာ ခွေးကိုက်ခံရပြီး (၂၄) နာရီအတွင်း ထိုးရမယ်ဆိုတော့ နောက်ကျရင်ကော ထိုးလို့ရသေးလားဆရာ”
“ကျွန်တော့်ကိုလည်း တမြန်နေ့ညနေက ခွေးရူးတစ်ကောင် ရွာထဲမှာ သောင်းကျန်းနေလို့ လိုက်သတ်ရင်းနဲ့ လည်ပင်းပိုင်းရှပ်ထိပြီး လက်မောင်းမှာလည်း အကိုက်ခံလိုက်ရပါတယ်ဆရာ။ ဒဏ်ရာက အရမ်းမကြီးပေမယ့် ဆေးထည့်ပြီး ပတ်တီးစည်းထားပါတယ်။ ဘိုးသာဟန်ဆီမှာလည်း မန်းထားပါတယ်။ အဲဒါ အခုအချိန်မှ ကာကွယ်ဆေးထိုးရင်ရော ထိုးလို့ရသေးလားဆရာ”
ပန်းနုရောင်ပုဝါလှလှလေးဖြင့် လက်မောင်းကိုပတ်စည်းထားသော ကိုဖိုးမောင်ရဲ့ မေးခွန်း အပြီးမှာ စိုးရိမ်တကြီးဖြစ်သွားတာက ဆရာ ဒေါက်တာခန့်ဝေဖြိုး။ ကိုဖိုးမောင်ကို သူ့ အနားလာရန် လှမ်းခေါ်လိုက်၏။
“ကိုဖိုးမောင် ခင်ဗျား ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူး။ အခန့်မသင့်ရင် လူကို ဒုက္ခရောက်စေနိုင်တယ်။ အခုဟောပြောပွဲပြီးတာနဲ့ ကျွန်တော်တို့နဲ့အတူ ဆေးရုံကို လိုက်ခဲ့ဗျာ။ ကာကွယ်ဆေးထိုးရမယ်။ ပုံမှန်ကာကွယ်ဆေး (ARV) အပြင် အရေးပေါ်ကာကွယ်ဆေး (RIG) ပါထိုးမှရမှာ”
“အခုလို ခွေးရူးသံသယအကိုက်ခံရရင်၊ မျက်နှာ၊ လည်ပင်းနဲ့ အာရုံကြောများတဲ့ လက်ချောင်းထိပ်တွေမှာ အကိုက်ခံရရင်၊ အကိုက်ခံရတဲ့ဒဏ်ရာက ကြီးမားများပြားရင် ခွေးရူးရောဂါကာကွယ်ဆေးအပြင် အရေးပေါ်ကာကွယ်ဆေး (RIG) ကို ဒဏ်ရာအနာ ပတ်လည်မှာ ခန္ဓာကိုယ်အလေးချိန်နဲ့တွက်ချက်ပြီး ထိုးရမယ်”
“ခွေးရူးရောဂါကာကွယ်ဆေးက ရောဂါလက္ခဏာမပြသ၍ ထိုးလို့ရပါတယ်။ ဒါပေမယ့် ကာကွယ် ဆေးထိုးပြီး ၇-၁၄ ရက်ရှိမှ ကာကွယ်ဆေးအာနိသင်စရလို့ အဲဒီကြားကာလမှာ ခွေးရူးပြန်ရောဂါ ဖြစ်နိုင်သေးတယ်။ ဒါကြောင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနိုင်တဲ့အချိန် စောစောထိုးနိုင်သမျှ ထိုးထားရပါမယ်”
“ခွေးကိုက်ခံရရင် သွားတိုက်ဆေးတို့၊ အချိုမှုန့်တို့၊ ဇာမဏီပိစပ်ရွက်ကို အရည်ညှစ်ထည့် တာတွေလည်း မလုပ်ရပါဘူး။ အနာကို ပတ်တီးစည်းတာ၊ ဖုံးအုပ်ပြီး ပလာစတာကပ်တာမျိုးတွေ လည်း မလုပ်ရပါဘူး။”
“ခွေးကိုက်ခံရရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ဆပ်ပြာနဲ့ရေကို သုံးပြီး ချက်ချင်းဆေးရပါမယ်။ ၁၅ မိနစ်ခန့် ရေဖြင့်လောင်းပြီး ဆေးကြောရပါမယ်။ အရက်ပြန် ဒါမှမဟုတ် ဆေးဝါရည် ဘီတာဒိုင်းတို့နဲ့ သေချာသန့်စင်ရပါမယ်။”
“အကိုက်ခံရပြီး (၂၄) နာရီအတွင်း ခွေးရူးရောဂါကာကွယ်ဆေးထိုးဖို့ လူနာကို ကျန်းမာရေး စောင့်ရှောက်မှုဌာန၊ ဆေးရုံ/ဆေးခန်းကို ခေါ်သွားပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင် ရွက်သွားဖို့လိုပါတယ်။”
ဟောပြောပွဲလာသူများရဲ့ စိတ်ဝင်တစား မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားရင်း မိုးတောင်ကျေးရွာလေး၏ ခွေးရူးရောဂါအကြောင်းဟောပြောပွဲသည် အောင်မြင်စွာ ပြီးမြောက်ခဲ့ လေပြီ။

(၈)

“မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံ” ဆိုင်းဘုတ်ရဲ့ဘေး ခရေပင်ခြေရင်း အုတ်ခုံထက်တွင်ထိုင်နေသော လှပကျော့ရှင်းသည့် ဖြူသွယ်သွယ် အမျိုးသမီးငယ်တစ်ဦး။ အဝေးဆီသို့ ငေးကြည့်ရင်း။ တစ်စုံတစ်ဦးပြန်လာလေမလား မျှော်နေရှာ၏။ မျက်ဝန်းအိမ်တွင်လည်း မျက်ရည်စတွေဝဲလျက်။ တောင်လေအဝှေ့မှာ ဆံနွယ်တွေဝဲသွား၍ လက်ဖြင့် အသာအယာ သပ်နေစဉ် သူမ နာမည်ခေါ်သံ တိုးတိုးလေး ကြားလိုက်ရသည်။
“နှင်းနု”
“ဟင်..အစ်ကို”
နုင်းနုတစ်ယောက် အားကိုးတကြီး လူငယ်၏ ရင်ခွင်တွင် မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
“တရားသဘောနဲ့ဖြေပါနှင်းနုရယ်။ အစ်ကိုတို့လည်း ရှိသေးတာပဲ။ ဦးလေးလှမောင်လည်း ကောင်းရာဘုံဘဝရောက်မှာပါ။ ရပ်ရွာတွေအပေါ် ကောင်းကျိုးတွေ ဒီလောက်လုပ်ထားတာ ဒီအကျိုးတွေ ခံစားရမှာပါ။”
“ဒီအချိန် နှင်းနုလည်း ကျန်းမာရေးကောင်းမှ ဖြစ်မှာ။ အားရှိအောင် အိပ်အုံးနော်။”
“ဆရာ ဒေါက်တာခန့်ဝေဖြိုးကလည်း ပြောထားတယ်။ ခွေးရူးရောဂါကာကွယ်ဆေးက ဆေးထိုးပြီး ၇-၁၄ ရက်ရှိမှ ကာကွယ်ဆေးအာနိသင်ရတာမို့ အဲအချိန်မှ စိတ်ချရမှာတဲ့။”
“ဟုတ်ကဲ့ပါအစ်ကို၊ ညီမဒဏ်ရာက အရေပြားရှပ်ထိရုံပဲ။ ရေနဲ့လည်းသေချာဆေးခဲ့တော့ အဆင်ပြေမှာပါတဲ့။”
“ညီမတို့လည်း နောက်ပိုင်း ခွေးမွေးရင် ခွေးရူးရောဂါကာကွယ်ဆေးပုံမှန်ထိုးပေးတော့မယ်နော်။ အကိုလည်း ခွေးရူးရောဂါကာကွယ်ဆေးထိုးပြီးပြီမို့လား။ သေချာဂရုစိုက်ဦးနော် အစ်ကို”
နှင်းနုတစ်ယောက် တစ်ဖက်သက်စိတ်ဝင်စားနေတာ အစ်ကိုသိပေမယ့် အစ်ကို့အနေနဲ့ ဘာတွေ တွေဝေနေသည်မသိ။ သူငယ်ချင်းသံယောဇဉ်သာသာ အခြေအနေကနေ တက်မလာ။ မိန်းကလေး အချစ်မို့ ဖွင့်မပြောသာဘူး အစ်ကိုရယ်။
သားအဖနှစ်ယောက်ရှိနေတာကနေ ရုတ်တရက် ဖခင်ဖြစ်သူက လောကကြီးနေ ရုတ်တရက် ထွက်သွားတာမို့ နှင်းနုအနေဖြင့် ပိုစိတ်အားငယ်လာသလို၊ အစ်ကို့အပေါ်မှာလည်း အားကိုးချင် စိတ်တွေ ပိုလာပါတယ်။

(၉)

တစ်ပတ်ခန့်အကြာ…
“ဆရာ…ဆရာခန့်ဝေဖြိုး”
အခန်းရှေ့မှ Night duty တာဝန်ကျ သူနာပြုဆရာမလေး၏ အော်ခေါ်သံကြောင့် လန့်နိုးလာခဲ့ပြီး ဆရာမလေးနဲ့အတူ အထူးကြပ်မတ်ဆောင်သို့ လိုက်လာခဲ့ပါသည်။
ခွေးရူးပြန်လက္ခဏာ နောက်ဆုံးအဆင့်ပြနေသောလူငယ်တစ်ဦး။ ပါးစပ်တွင် အမြှုပ်တစီစီထလာ၍ တက်လာပြီး တဖြည်းဖြည်း သတိမေ့မျောနေပါသည်။ နောက်ပိုင်းတွင် လှုပ်ရှားမှုအားလုံး တဖြည်းဖြည်းငြိမ်သက်ကျသွားပြီး အသက်ရှုရပ်၊ နှလုံးခုန်ရပ်ပြီး သေဆုံးသွားပါတော့သည်။ ထို့နောက် ရေခဲတိုက်သို့ပို့ရန် ပြင်ဆင်ခိုင်းရာ အဆိုပါလူငယ်လေး၏ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ပန်းနုရောင်ပုဝါလေးတစ်ထည်ကို သတိထားမိ၏။
သင်္ခါရသဘောတရားအရ ဘဝဆိုတာ မတည်မြဲခြင်း၊ ဆင်းရဲခြင်းနဲ့ အစိုးမရခြင်းသဘော။ လွန်ခဲ့သော နှစ်ရက်မှစ၍ အဆိုပါလူငယ်သည် ခွေးကိုက်ဒဏ်ရာဝန်းကျင်တွင် ယားယံတာမျိုး စတင်ခံစားရသလို ဖျားနာ ခေါင်းကိုက်တာ၊ ရေကို မသောက်ရဲပဲ ကြောက်လန့်နေတာတွေ စတင်ခံစားရကြောင်းသိရသဖြင့် မကြာမီသေခြင်းတရားကို မလွဲမသွေခံစားရတော့မည်ကို သိရုံမှ တပါး ဘာမျှမစွမ်းနိုင်တော့ပြီ။ အဆိုပါလူငယ်သည် သူဆုံးတော့မှာကို သိသည့်အခါ ကြောက်ရွံ့မှုကို အံတုပြီး သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန် တောင်းဆိုထားခဲ့ပါသည်။
ခွေးရူးကိုက်ခံရပြီး နှစ်ရက်ခန့်ကြာမှ ခွေးရူးရောဂါကာကွယ်ဆေးထိုးထားသော်လည်း ကာကွယ် ဆေးအာနိသင်မရခင် ဦးဏှောက်ကို ခွေးရူးပိုးရောက်ရှိပြီး သေဆုံးရခြင်းဖြစ်သည်။ ခွေးရူးပိုးသည် အကိုက်ခံရသည့်နေရာမှာ ပွားများပြီး ဦးဏှောက်ဆီသို့ အာရုံကြောစနစ်မှ တစ်ရက်ကို ၁၂-၂၄ မီလီမီတာနှုန်းဖြင့်ရွေ့လျားသွားပါသည်။ ထို့ကြောင့် ဦးဏှောက်နှင့်နီးသော မျက်နှာ၊ လည်ပင်းနှင့် အာရုံကြောများသည့် လက်ချောင်းထိပ်များတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါကာကွယ်ဆေးကို (၂၄) နာရီအတွင်း စောနိုင်သမျှ စောစောကာကွယ်ဆေးထိုးရန် မဖြစ်မနေ လိုအပ်ပါသည်။

(၁၀)

နံနက်ခင်း နေရောင်ခြည်သည် မှန်ပြတင်းမှတစ်ဆင့် နှင်းနု၏ မျက်နှာပေါ်သို့ ဖြာကျလျက်ရှိသည်။ နှင်းနုတစ်ယောက် အိပ်ရာထက်မှနေပြီး ပြက္ခဒိန်အားလှမ်းကြည့်မိသည်။ ယနေ့ဆိုလျှင် ခွေးရူး ရောဂါကာကွယ်ဆေးထိုးထားတာ (၇) ရက်ပြည့်မြောက်ပြီဖြစ်သည်။ ကာကွယ်ဆေးအာနိသင် စတင် ရရှိတော့မည်ဖြစ်၏။ ဒဏ်ရာဝန်းကျင်တွင်လည်း ယားယံတာလည်းမခံစားရ။ လူလည်း ပကတိ ကျန်းမာနေသည်မို့ စိုးရိမ်စိတ်ကင်းကာ အသက်ရှင်သန်ခွင့်ရမည့်အရေး ဝမ်းသာမိ၏။
အစ်ကိုတစ်ယောက်ရော နေကောင်းကျန်းမာရဲ့လား။ မနေ့က တစ်နေကုန်မတွေ့ရတော့ လွမ်းလှ သည်။ ကာကွယ်ဆေးထိုးပြီး (၇) ရက်ရှိရင် ခရေပင်ရိပ်ခုံတန်းလေးမှာ စကားတွေ ပြောကြ မည်ဟု စကားဆိုထားသည်။ အကိုတစ်ယောက်ရောက်လာဖို့ မျှော်လင့်မိသည်။
အိပ်ရာထက်မှ ထမယ့်လို့ပြင်စဉ် နှင်းနုတစ်ယောက် ကုတင်နံဘေးက ဗီရိုလေးထက်မှ စာအိတ် ပန်းရောင်လေးကို မြင်မိသည်။ “ဘယ်သူလာပေးထားတဲ့စာအိတ်လေးပါလိမ့်” လို့ တွေးရင်း စာအိတ် လေးကိုယူပြီး အကြည့်မှာ သို့ နှင်းနုဆိုတဲ့ အစ်ကို့လက်ရေးလေး။ နှင်းနုသိပ်ပျော်သွားသည်။ စာအိပ်လေးကိုယူပြီး သိချင်စောနှင့် အိပ်ယာပေါ်တွင်ပြန်လှဲရင်း စာအိတ်ကိုဖွင့်ပြီး ဖတ်ကြည့်မိ၏။
သို့
ချစ်ရသောနှင်းနု
အစ်ကို အမှန်အတိုင်းဝန်ခံချင်တာရှိတယ်။ အစ်ကိုနဲ့ နှင်းနုရဲ့ဘဝတွေက မိုးနဲ့မြေလို ကွာခြားလှ ပါတယ်။ နှင်းနုက ရွာမျက်နှာဖုံး သူဋ္ဌေးကြီး ဦးလှမောင်ရဲ့ တစ်ဦးတည်းသော သမီး။ မိုးတောင်ရွာရဲ့ အချောအလှဆုံးသော ကွမ်းတောင်ကိုင်။ အစ်ကိုက နုင်းနုနဲ့ ကျောင်းနေဖက်ဆိုပေမယ့် လက်ရှိမှာ နုင်းနုတို့အိမ်မှာ သူရင်းငှားအလုပ်လုပ်နေရသူပါ။ မမီတဲ့ပန်းမို့ တုံးခုပြီး မချူဝံ့ပါဘူး။ နှင်းနုရဲ့ဘဝနဲ့ အစ်ကို့ရဲ့ဘဝက လိုက်ဖက်မှုမရှိလို ရင်ထဲမှာရှိသမျှ မျိုသိပ်ထားရသူပါ။ နှင်းနုဆီက အသည်းပုံနဲ့ ပန်းနုရောင်လက်ကိုင်ပုဝါကို ခွေးကိုက်ဒဏ်ရာရထားတဲ့ လက်မောင်းမှာ ဖွဖွလေးချည်ပြီး လက်ဆောင်ပေးလာတုန်းကဆို အကိုလေ အရမ်းပျော်လိုက်တာ။ အဲဒီ လက်ကိုင်ပုဝါလေးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားတယ်။ နှင်းနုရဲ့ ဘဝလေးကို ပျော်ရွှင်နေတာ မြင်ရတာကို ကျေနပ်ပါတယ်။
နှင်းနုကို အရမ်းချစ်ပေမယ့် ဖွင့်မပြောဘဲ သူငယ်ချင်းသံယောဇဉ်နဲ့ပဲ ထာဝရ စောင့်ရှောက်ပေး သွားမယ်လို့ စိတ်ကူးထားတယ်။ အခုတော့ အဲသလိုမစောင့်ရှောက်နိုင်တော့လို့ နှင်းနုကို အစ်ကို တောင်းပန်ပါတယ်။ နှင်းနုတစ်ယောက် သာယာပျော်ရွှင်ချမ်းမြေ့ပါစေ။
နှင်းနုရဲ့
အစ်ကို ဖိုးမောင်
အစ်ကိုက နှင်းနုကို အစကတည်းက ချစ်နေတာကို ဒီကနှင်းနု သိပြီးသားပါ။ ဒီနေ့ ခရေပင်ရိပ် ခုံတန်းလေးမှာ နှင်းနုတို့တွေ့ရင်လေ အစ်ကိုဘက်က ဖွင့်မပြောတောင် မရှက်တမ်းပြောရရင် နှင်းနုဖက်က ချစ်တယ်ဆိုတဲ့အဖြေကို ပေးဖို့အသင့်ပါအစ်ကို။

(၁၁)

“ဖိတ်စာလှလှလေးတစ်စောင်”
ကိုဖိုးမောင် နှင့် မနှင်းနု တို့၏
မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ
ပန်းရောင်ကဒ်လေးပေါ်မှာ ရွှေရောင်စာလုံးလေးတွေနှင့်။ ရေမွှေးနံ့လေးသင်းပျံ့လျက်။
“ရွာထဲက ရပ်မိရပ်ဖတွေသွားဖိတ်ပါမယ်ဆို။ အစ်ကို ဖိုးမောင်တစ်ယောက် ဘယ်ရောက်နေပါလိမ့်။ အိမ်အနှံ့လိုက်ရှာတာလည်းမတွေ့။”
နှင်းနုတစ်ယောက် ရှာမတွေ့သည့်အဆုံး ဝမ်းနည်းစိတ်နဲ့ အော်ခေါ်မိတော့သည်။
“အစ်ကိုရေ”
“အစ်ကို ဖိုးမောင်”
“ဟဲ့..ဟဲ့ သမီး နှင်းနု”
“နိုးပြီလား”
ဒေါ်လေးငွေအသံကြားမှ နှင်းနုတစ်ယောက် အိမ်မက်မက်နေတယ်ဆိုတာ သိလိုက်ပါတော့သည်။ နှင်းနုမျက်ဝန်းမှ မျက်ရည်စများကျလျက်။
“ဒေါ်လေးငွေ အကိုရော၊ အကို ဖိုးမောင်ရော”
“……”
ဒေါ်လေးငွေ တစ်ယောက် မျက်နှာမကောင်းဘဲ သက်ပြင်းချပြီး မည်သည့်စကားမျှ မဆိုသေးပဲ ပြောရန် အရှိန်ယူနေရသည်။
“သမီး သမီး နှင်းနု…”
“စိတ်အေးအေးထားနော်..”
“သမီးရဲ့ အစ်ကို…. သမီးရဲ့ အစ်ကို.. ဖိုးမောင်တစ်ယောက် မနေ့ညက ခွေးရူးပြန်ပြီး ဆုံးသွားပြီး သမီးရဲ့.ဟင်း..ဟင်း”
ဒေါ်လေးငွေတစ်ယောက် နှင်းနုကို သိုင်းဖက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးလေသည်။
“အစ်ကို ဆုံးသွားပြီ။ အစ်ကို မရှိတော့ဘူး… ဟုတ်လား ဒေါ်လေးငွေ”
“သမီး မယုံဘူး။ သမီးတောင် ခွေးရူးရောဂါကာကွယ်ဆေးထိုးပြီးတော့ အသက်ရှင်သေးတာ။ အစ်ကိုလည်း အသက်ရှင်ရမှာပေါ့”
“ဟဲ့ သမီး နှင်းနု စိတ်ကို ခိုင်ခိုင်ထား။ ငိုချင်တာငိုလိုက်ပါသမီးရယ်”
“အစ်ကို..အစ်ကို..ဖိုးမောင်ရဲ့ အဖြေတောင်းလာမယ့်ရက်ကို စောင့်နေတာ…”
“အခုတော့..အခုတော့ အစ်ကိုဖိုးမောင်ရဲ့ ချစ်တယ်ဆိုတဲ့စာလေးရလို့ပျော်နေပေမယ့် အစ်ကိုက အနားမှာ မရှိတော့ဘူးလား အစ်ကို ဖိုးမောင်ရယ်”
“ဟင်း….ဟင်း..”
“ဟဲ့..ဟဲ့ လုပ်ကြပါဦး သမီး နှင်းနု မေ့သွားလို့”

(၁၂)

“တူ….တူ….တူ….”
ကြိုးဖုန်းကမြည်လာသဖြင့် ဒေါက်တာပြည့်ဖြိုးတစ်ယောက် ဖုန်းခွက်အား ကောက်ကိုင်လိုက်သည်။
“ဟလို ကျွန်တော် ဒေါက်တာပြည်ဖြိုးပါ။ အမိန့်ရှိပါခင်ဗျာ”
“ဟလို ဆရာပြည့်ဖြိုးရေ ပြီးခဲ့တဲ့တစ်ပတ်က ကွင်းဆင်းသွားခဲ့တဲ့ မိုးတောင်ရွာက ကိုဖိုးမောင် တစ်ယောက်တော့ ခွေးရူးပြန်နဲ့ မနေ့ညကပဲ ဆုံးသွားပြီဗျာ။ မသေသင့်ပဲ သေကြရတာမို့ စိတ်မကောင်းလိုက်တာဗျာ။ ခွေးရူးကိုက်ခံရရင် ချက်ချင်း ခွေးရူးရောဂါကာကွယ်ဆေးထိုးပြီး အရေးပေါ်ကာကွယ်ဆေး အချိန်မီထိုးလိုက်နိုင်ရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာမဟုတ်ဘူးဗျာ”
“ဟုတ်တယ်ဆရာခန့်ဝေဖြိုးရေ။ ပြည်သူတွေအနေနဲ့ ခွေးရူးရောဂါအသိပညာဗဟုသုတအားနည်းလို့ ဖြစ်ကြရတာ။ အဲဒါကလည်း ကျွန်တော်တို့ ဆရာတို့ရဲ့ အသိပညာအားပေးမှု အားနည်းတာ နောက်ကျနေတာတွေကြောင့်လည်းပါတယ်။”
“အခုဖြစ်စဉ်မှာ ကျွန်တော်တို့ရဲ့ မိုးတောင်ကျေးရွာလုပ်ခဲ့တဲ့ ခွေးရူးရောဂါ အကြောင်း အသိပညာပေး ဟောပြောပွဲက ကိုဖိုးမောင်အတွက်တော့ “အခါလွန်မှရွာတဲ့မိုး”လို ဖြစ်သွားတယ် ဆရာခန့်ဝေဖြိုး ရေ”
“ကျွန်တော်တို့ ဒီထက်ပိုပြီး ကြိုးစားကြတာပေါ့ဆရာပြည့်ဖြိုးရေ”

(၁၃)

ဆရာခန့်ဝေဖြိုးနှင့် ဆရာပြည့်ဖြိုးတို့သည် ခွေးရူးရောဂါကင်းစင်ရေး အသိပညာပေးနိုင်ရန် ရည်ရွယ်ပြီး မြို့သစ်မြို့နယ်မှ ကျေးရွာများဆီသို့ မာဇဒါဂျစ်ကားတစ်စင်းနှင့် ရှေ့သို့ ခရီးဆက်လျက်…….

ဒေါက်တာလှိုင်ဝင်း

”ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း”********************************** #ဆေးခန်းဖွင့်ချိန်တနင်္လါနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက...
21/08/2024

”ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း”
**********************************
#ဆေးခန်းဖွင့်ချိန်

တနင်္လါနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များတွင်
🕖 နံနက် ၇ နာရီမှ နံနက် ၈နာရီခွဲအထိနှင့်
🕣 ညနေ ၅ နာရီမှ ည ၇ နာရီခွဲအထိလည်းကောင်း၊

စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များတွင်
🕖 နံနက် ၇ နာရီမှ ည ၇ နာရီခွဲအထိလည်းကောင်း၊

ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပါတယ်။🙏

💼 👨‍⚕️ 💉
အိမ်အရောက် တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလည်း ရရှိပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ် ☎
- 09 971913721
- 09 256423046

⛳ လိပ်စာ၊ စစ်တောင်း ၂၆ လမ်း၊ ယုဇနလမ်း၊ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။

🌻 ကောင်းသစ်တိရစ္ဆာန်ဆေးကုခန်းနှင့်
အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းအရောင်းဆိုင်🙏

နှစ်သစ်ဆုတောင်း (၁၃၈၆ ခု)~~~~~~~~~~~~~~~~~~🌷 ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း မိသားစုရဲ့ ရင်းနှီးခင်မင်ရပါသော မိတ်သင်္ဂဟများ...
17/04/2024

နှစ်သစ်ဆုတောင်း (၁၃၈၆ ခု)
~~~~~~~~~~~~~~~~~~
🌷 ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း မိသားစုရဲ့ ရင်းနှီးခင်မင်ရပါသော မိတ်သင်္ဂဟများအားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။

🌸 ၁၃၈၆ ခု၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ မြန်မာ့နှစ်သစ်ကူး အခါသမယတွင် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာပါစေ။

🌻 စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာဆန္ဒပြည့်ပါစေ။

💦 စိတ်ဘဝင်တွင် သီတာရေစင်ကဲ့သို့ ကြည်လင်အေးမြ၍ ပျော်ရွှင်ချမ်းမြေ့ပါစေ။

🌹 မိမိနှင့် သူတစ်ပါးအကျိုး မျှတစွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်တိုးတက်ကြီးပွားပါစေ။

🌈 တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆထက်တိုးကာ သယ်ပိုးရွက်ဆောင်နိုင်ပါစေ။

❄ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်အထောက်အပံ့တို့ ဖြစ်စေမည့် ဒါန၊ သီလ၊ ဘာဝနာတရားတို့ကို ပွားများအားထုတ်နိုင်ပါစေ။

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်း မိသားစု
၁၇-၄-၂၀၂၄
ဗုဒ္ဓဟူးနေ့

11/04/2024

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းကို နှစ်သစ်ကူးသင်္ကြန်ကာလ (၁၃-၄-၂၀၂၄) ရက်မှ (၂၁-၄-၂၀၂၄) ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းနှင့် အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းရောင်းဝယ်ရေး မိသားစုမှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျ🙏
24/03/2024

ကောင်းသစ် တိရစ္ဆာန်ဆေးကုခန်းနှင့် အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းရောင်းဝယ်ရေး မိသားစုမှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျ🙏

Address

Naypyidaw

Opening Hours

Monday 06:30 - 09:00
17:00 - 20:30
Tuesday 06:30 - 09:00
17:00 - 20:30
Wednesday 06:30 - 09:00
17:00 - 20:30
Thursday 06:30 - 09:00
17:00 - 20:30
Friday 06:30 - 09:00
17:00 - 20:30
Saturday 06:30 - 20:30
Sunday 06:30 - 20:30

Telephone

+959794860060

Website

Alerts

Be the first to know and let us send you an email when Kaung Thit Vet Clinic & KT Pet Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Thit Vet Clinic & KT Pet Accessories:

Share

Category